လင်္ကာဒီပချစ်သူ ၀တ္ထုနဲ့အတွက် အခုအချိန်အထိ နောင်တမရဘူးလို့ ဆိုတဲ့ ချစ်ဦးညို

လင်္ကာဒီပချစ်သူ ၀တ္ထုနဲ့အတွက် အခုအချိန်အထိ နောင်တမရဘူးလို့ ဆိုတဲ့ ချစ်ဦးညို

ဒီတစ်ပါတ် Meet the Successful   အစီစဉ်မှာ  ကျွန်တော်တွေ့ဆုံ မေးမြန်းသွားမယ့် သူကတော့ လင်္ကာဒီပ ချစ်သူဇာတ်လမ်းကို စတင် အသက်သွင်းပြီး ရာမာရဏ ဇာတ်တော်ကြီးကို ရှုထောင့်အသစ်က တွေးပြီး  မြန်မာပြည်သူတွေကြား ချပြခဲ့သူ စာရေးဆရာချစ်ဦးညိုပဲ ဖြစ်ပါတယ်။

သူဟာငယ်စဉ်ကတည်းက စာရေးတဲ့ အလုပ်ကို ဝါသနာပါပေမယ့်လည်း ဘဝရဲ့အခြေနေကြောင့် မလုပ်ဖြစ်ခဲ့သေးပဲနဲ့ အခြားအလုပ်တွေဖြစ်တဲ့ တက္ကသိုလ် ဆရာဘဝ ဇာတ်ညွန်းရေး ဆရာဘဝနဲ့ ကျုရှင်ဆရာဘဝ စတဲ့ အလုပ်တွေကို လုပ်ကိုင် ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချပြီး စာရေးတဲ့ အလုပ်ကို ဇောက်ချလုပ်တဲ့ အချိန်မှ စလို့ စာရေးဆရာ ချစ်ဦးညိုရယ်လို့ ပရိတ်သတ်တွေ အသိမှတ်ပြုပြီး အောင်မြင်မှုကို ရရှိလာတာ ဖြစ်ပါတယ်။ အောင်မြင်မှုကို ရရှိဖို့အတွက် ဘဝမှာ ဘယ်လိုခံယူချက်တွေနဲ့ ကြိုးစားရုန်းကန်ခဲ့ရသလဲဆိုတာ သိရှိစေဖို့ ဒီတစ်ပါတ်မှာလည်း အောင်မြင်သူနဲ့အတူ တွေ့ဆုံ စကားပြောကြည့်ပါမယ်။

ဆရာမင်္ဂလာပါခင်ဗျ။ ဒီနေ့အစီစဉ်မှာတော့ ဆရာရဲ့ ဘဝဖြတ်သန်းမှု အတွေ့ကြုံလေးတွေ ကျွန်တော်မေးချင်ပါတယ် ခင်ဗျ။ ဆရာစာရေးတယ်ဆိုတာ စာရေးဆရာတစ်ယောက် မဖြစ်ခင်မှာ ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ စာရေးတာကို ဝါသနာ ပါခဲ့ပါသလဲ ဆရာ။

စာရေးတာကို စပြီးဝါသနာပါတာ ၈တန်းကျောင်းသား အရွယ်ပဲ။ အဲဒီမတိုင်မီက ဘာကြောင့်ဝါသနာပါလဲဆိုတဲ့ အကြောင်းလေး ရှိတယ်လေ။ မူလတန်းကျောင်းသား၊ အလယ်တန်းကျောင်းသား ဘဝအရွယ်မှာ နေခဲ့တဲ့ ကျောင်းတွေမှာ ပုံပြင်တွေ နားထောင်ရတယ်။ နောက်ပြီးတော့ ဘာသာပြန်စာပေကထုတ်တဲ့ ကလေးများအတွက် ရေးထားတဲ့ စာပေတွေ အများကြီး ရှိတယ်။ အဲတာတွေ အရှုးအမှုး ဖတ်ခဲ့တယ်။ ပြီးတော့ ရာဇဝင်ဆရာကြီးပြောပြတဲ့ ရာဇဝင်သမိုင်း ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ နားထောင်ခဲ့ရတယ်။ အဲဒီကစပြီးတော့ စာဖတ်ဝါသနာပါပြီးတော့ စာတွေဖတ်ရင်း ဖတ်ရင်းနဲ့ သူများရေးတာကို ကိုယ်ဖတ်ရသလို သူများဖတ်ဖို့အတွက်လည်း ကိုယ်ရေးမယ်ဆိုတဲ့ အဲဒီစိတ်က ပေါ်လာပြီးတော့ အဲဒီမှာ စာစရေးတော့ ၈တန်းကျောင်းသား ဘဝမှာ စာစရေးတာပဲ။ သို့သော်လည်း ဘယ်မှ မပို့ဘူး။ ရှိတဲ့ သူငယ်ချင်း နှစ်ယောက်သုံးယောက်ပဲ လှည့်ပြီးတော့ ဖတ်ခိုင်းတာ။ အများကတော့ ရယ်စရာပြောတယ်ထင်မယ်။ မဟုတ်ဘူး ကိုယ့်စာကို ကိုယ့်ဝတ္ထုလေးကို ဖတ်ရအောင် သူတို့ကို မုန့်ဖိုးပေးပြီးတော့ စည်းရုံးရတယ်။ ကိုယ်က ပေးပြီးတော့ဖတ်ခိုင်းရတယ်။ အဲဒီဘဝပေါ့လေ။ အဲဒီကတည်းက စတာပဲ။

ဆရာအနေနဲ့ ရှစ်တန်းကျောင်းသား လောက်ကတည်းကိုက စာရေးတာကို ဝါသနာပါလာပြီဆိုတော့ တကယ်တမ်းပေါ့နော်။ လက်တွေ့ပေါ့။ တကယ်တမ်း ထဲထဲဝင်ဝင်ဝင်စပြီး စာစပြီးရေးဖြစ်ခဲ့တဲ့ အချိန်က ဘယ်အချိန်လောက်များ ဖြစ်မလဲဆရာ။

စပြီးရေးဖြစ်တဲ့ အချိန်က အမှန်တော့ အမြဲရေးတာပဲ။ သို့သော် ပြောက်ကျားစာရေးဆရာပေါ့လေ။ professional လုပ်မယ်လို့လဲ စိတ်ထဲ မကူးမိပါဘူး။ သို့သော် မရေးရ မနေနိုင် ရေးချင်တာ ရှိတယ်။ အဲလိုနဲ့ တက္ကသိုလ်ရောက်။ အဲဒီအချိန်မှာ Second Year / Third Yeaer ဘွဲ့ရပြီးတဲ့ အချိန်လောက်မှာ ၁၉၇၀ အဲဒီအချိန်မှာ မိုးဝေစာပေ မဂ္ဂဇင်းမှာ ပထမဦးဆုံး ဝတ္ထုတိုလေး ပါလာတယ်။ အဲဒီမတိုင်မီက ပို့တာ အများကြီးပဲ အမြဲပယ်ခံခဲ့ရတာချည်းပဲ။

၁၉၇၀ မိုးဝေစာပေမဂ္ဂဇင်း အောက်တိုဘာလထုတ်မှာ ကိုယ့်ဝတ္ထုလေး ရန်ကုန်မြို့လယ်ဆိုတာလေး စပါလာတော့ အမလေး ဝမ်းသာလိုက်တာ။ အဲဒီကစပြီးတော့ ရေအားတွေ အရှိန်က ကောင်းလာပြီးတော့ ဆက်တိုက်ရေး နောက်ရှုမဝရေးပေါ့နော်။ အဲဒီလိုနဲ့ ဘာသာပြန်ဝတ္ထုတွေရေးတယ်။ ဆောင်းပါးတွေရေးတယ်။ ပင်ကိုယ်ရေး ဝတ္ထုတွေ ရေးတယ်။ အဲဒီကနေပြီးတော့ နောက်တစ်ခါ ဘဝလမ်းကြောင်းက ကံကြမ္မာ ဇာတ်ဆရာအခေါ်ပေါ့။ မျက်စိလည်ပြီးတော့ နောက် တက္ကသိုလ်မှာ နည်းပြဆရာ ဖြစ်တယ်။ philosophy ဌာနမှာ ကျုတာဖြစ်တယ်။ အဲဒီကနေ စစ်တွေပြောင်းတယ်။ အဲဒီကနေ သမဝါယမ ဌာနပြောင်းတယ်။ အများကြီးပဲ လောကဓံတရား အနိမ့်အမြင့်တွေ အဲဒီကနေပြီးတော့ စန္ဒာဦးဆိုတဲ့ ယဉ်ကျေးမှု ကဇာတ်အဖွဲ့တစ်ခုမှာ ဇာတ်ညွန်းဒါရိုက်တာ လုပ်တယ်။

အဲဒီကနေပြန်ထွက်ပြီးတော့ လူက ချုံးချုံးကျနေတဲ့ အချိန်မှာ ငုတ်မိသဲတိုင်နဲ့ တူပါရဲ့ ဒုတ်ဆိုပြီးတော့ အောက်သဲတိုင်ထိပြီးတော့ ထပ်မြှုုပ်စရာ မရှိတော့ခြေကန်ပြီး ပြန်တက်တာ အဲဒီမှာ ဘွားကနဲ ပေါ်တဲ့ အချိန်လေးမှာ ငါဘာလုပ်မလဲပေါ့။ ကိုယ့်ကိုကိုယ် အဲဒီမှာ ဆုံးဖြတ်ပြီးတော့ အလင်္ကာဒီပ ချစ်သူဆိုတဲ့ ဝတ္ထုကို ရေး ဖြစ်တာပဲ။ ဘယ်သူမှ တိုက်တွန်းလို့လဲ မဟုတ်ဘူး။ ထုတ်ပေးမယ့်သူလဲ မရှိဘူး။ ကိုယ်ရေးချင်တာရေး။ ပြီးတော့ မှ သူငယ်ချင်းတစ်ယောက်က ထုတ်ပေးတော့မှ စာအုပ်ဖြစ်။ အဲဒီစာအုပ်က စာပေနယ်ထဲကို ပထမဆုံးရောက်တဲ့ စာအုပ်ပါပဲ။

ဆရာ အခုနတုန်းကလိုပေါ့။ ဆရာရဲ့ဘဝဖြတ်သန်းပုံကို ကြည့်မယ်ဆိုရင် အဲဒိအချိန်အဲဒီအခါတုန်းက ဆရာက စာလည်းရေးတာ ဝါသနာပါတယ်။ အခြားဆရာ အခုနကပြောသလို တက္ကသိုလ် ဆရာတွေလည်း လုပ်နေရသေးတယ်ဆိုတော့  အဲဒီအချိန်မှာ ဆရာမှာ တကယ်ဖြစ်ချင်တဲ့ ဆန္ဒက စာရေးဆရာတစ်ယောက်လား ဒါမှမဟုတ် ဆရာ့မှာ တခြားဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိလား ဆရာ။

တက္ကသိုလ်ကနေ ဘွဲ့ရတဲ့ အချိန်မှာ အဲဒီတုန်းကလည်း စာကြိုးစားပြီး စာတော်ခဲ့တယ်ပေါ့နော်။ အဲဒီမှာ မာစတာ စတက်၊ ကျုတာလုပ်ရင်းနဲ့ နယ်လွှင့်သွားတယ်။ အဲတော့ ငါဟာ ပညာတတ်ကြီးတစ်ယောက်အနေနဲ့ ဘွဲ့တွေထပ်ယူ PhD  တွေယူ အဲဒီကျုတာကနေပြီးတော့ အဆင့်ဆင့် ကထိက အဲလို Scolar  ဘဝမှာ နေမလား တစ်ချိန်တည်းမှာပဲ အဲလို ဝတ္ထုတိုလေးတွေကလည်း ပါလာတော့ စာပေနယ်ထဲလည်း တော်တော်လေး စိတ်ပါလာပြီ  Scolar  တစ်ယောက်အနေနဲ့ပဲ ပညာတတ် လောကမှာ နေမလား။ သို့မဟုတ် အနုပညာသမား စာရေးဆရာ တစ်ယောက်အနေနဲ့ အနုပညာလောကထဲမှာ ရုန်းကန်မလား။ ဟိုဘဝကတော့ ငြိမ်တယ်။ မှန်မှန်တက်သွားမယ်။ ဒီအနုပညာလောက စာရေးဆရာဘဝကတော့ တော်တော်လှုပ်ခတ်မှုတွေနဲ့ တော်တော် ရင်ဆိုင်ရလိမ့်မယ်။ အဲဒီနှစ်ခု ပဋိပက္ခဖြစ်တာ။  ကိုယ့်ဟာကိုယ်ဖြစ်တဲ့ ပဋိပက္ခ ဖြစ်နေတာ။ ဘယ်သူနဲ့မှ မဟုတ်ဘူး။ ကိုယ့်ရဲ့ ထည့်ရမလား လျော့ရမလား ဒီဘက်ကို နည်းရမလား ဟိုဘက်ကို နည်းရမလား အဲတာ တော်တော်ကြီးမားတဲ့ ပဋိပက္ခ ဘယ်သူမှ မသိလိုက်ဘူး။ အဲဒီမှာ နောက်ဆုံးကျတော့ ကဲငါဘာဖြစ်ဖြစ်ကွာ စာပေနယ်ထဲ ခြေစုံပစ်ဝင်တော့မယ် ဆိုပြီးတော့ အဲဒီဘက်က အနိုင်ရသွားတော့ ဒီဘက်ကိုစွန့်လွှတ်လိုက်တယ်။ အလုပ်ပါ ထွက်ပစ်လိုက်တယ်။

မိမိရဲ့စိတ်မှာ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်ပြီး စာရေးခြင်း အလုပ်ကို လုပ်ကိုင်ခဲ့တဲ့ အချိန်မှာ အခက်ခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နောက်ဆုတ်ဖို့ ကြောက်တဲ့ စိတ်နဲ့ နောင်တဆိုတာ မဖြစ်ခဲ့ဘူးလို့ ဆရာချစ်ဦးညိုက ပြောပြပါတယ်။

ဒီလိုအခက်ခဲတွေကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ဖြတ်သန်းတယ်ဆိုတာ တကယ့်တော့ သတ္တိရှိလို့ မဟုတ်ဘူး ခင်ဗျ။ ကိုယ့်ကို ပြန်ကြည့်တော့လေ ငါ့ကွဆိုပြီးတော့ အဲလို သတ္တိရှိရှိ ချီတက်တာ မဟုတ်ဘူး။ နောက်ဆုတ်ရမှာကို ကြောက်သွားတာ။ အဲကြောက်စိတ်လည်း ပါတယ်။ ကြောက်စိတ်ကလည်း Drive  လုပ်တယ်။ ကြောက်စိတ်ကလည်း Drive  လုပ်ရယ် ဆုံးဖြတ်ချက်က အရှေ့ကနေ ဆွဲခေါ်တာရယ်။ အဲForce  နှစ်ခုပေါင်းသွားပြီးတော့ အဲလို ရှေ့ဆက်သွားတာလို့ ယူဆတယ်။

စီးပွားရေး မျက်စီနဲ့ကြည့်မယ်ဆိုရင်တော့ နည်းနည်းမိုက်မဲတယ် ခေါ်နိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း နိုင်ငံရေး၊ စစ်ရေး စီးပွားရေးမှာ Plan A, Plan B, Plan C  ဆိုတာ ရှိတယ်။ Plan A အကြောင်းတစ်ခုကြောင့် ပျက်သွားတယ်ဆိုရင် Plan B  နဲ့ ဆက်ကိုင်မယ်။ အဲလို result အမြဲတမ်းထားကြတယ်ပြောတယ်။ ဒါနောက်ပိုင်းမှ သိရတာ ဘုရင်နောင် ဖောင်ပျက်ကိန်း ကြီးပဲ အဲလို ပေါ့။ ဘုရင့်နောင် ဖောင်ဖျက်တာက နောင်ရိုးတစ်ဖက် ဟိုဘက်လည်း ရောက်ရော သိတဲ့ အတိုင်း မင်းတို့ ဖောင်တွေ ဖျက်ပစ်ကြ။ စစ်ရှုံးရင် ပြန်စရာ ဖောင်မရှိ မခက်ဘူးလား။ အေး စစ်ရှုံးရင်တော့ မင်းတို့ သေမှာပဲ။ ပြန်သွားလည်း ဘုရင်က သတ် သေမှာပဲ။ အဲတော့ စိတ်ဒွိဟ မဖြစ်အောင် မင်းတို့ ဖောင်တွေဖျက်ဆို ဒါပေမယ့် ဘုရင့်နောင်က အပိုင်တွက်ပြီးသား ဒီဗျူဟာကို ရန်သူအင်အား ဘယ်လောက်ရှိတယ်။ ထောက်လှန်းပြီးသား ဆင်ဘယ်နှစ်ကောင် မြင်းဘယ်နှစ်ကောင် ငါတို့ဘက် အင်အား ဘယ်လောက်ရှိတယ်။ ဝင်တိုက်ရင် ဘယ်လိုနိုင်တယ်။ နိုင်မယ်ဆိုတာ သေချာပေါက်သိလို့ ဘုရင့်နောင်က ဖောင်ဖျက် တိုက်တာ။ ဘုရင့်နောင်က အဲလို။

ကိုယ့်ကျတော့ အဲလိုမဟုတ်ဘူး မိုက်မိုက်ကန်းကန်း ဖောင်ဖျက်ပြီး ချတာ။ ဒါပေမယ့် ကုသိုလ်ကံလေး အထောက်အကူ ပြုသလား စိတ်ကလည်း စိတ်ယုတ်မှာ မထားဘူးလေ။ လိပ်ပြာသန့်စွာ လုပ်တယ်လေ။ ပြီးတော့ အမြတ်ထုတ်လို စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။ စာပေနယ်ထဲလည်း ငါနာမည်ကြီးအောင်ကွ ပိုက်ဆံတွေ အမြတ်ထွက်အောင်ကွ ဆိုပြီးလည်း ဝင်တာ မဟုတ်ဘူး။ တအားကိုယ်  ရေးချင်းလွန်းလွန်းလို့ ဝင်လိုက်တာ။ အဲတာလေးက အထောက်ကူ ပြုသလားတော့ မသိပါဘူးကွယ်။ အဲလို စိတ်ဓာတ်ကျပြီးတော့ အခက်ခဲတွေ တွေ့ပြီးတော့ ငိုင်သွားတာတော့ ခဏခဏပဲ။ ဒါပေမယ့် အဲလို အချိန်မှာ နောင်တဆိုတာလဲ မပေါ်ဘူး။ ဒီအပြင် ငါပြောင်းလိုက်ရင် ကောင်းမလား ဥပမာ အနုပညာ ဝါသနာပါတယ်။ စာပေ မအောင်မြင်လို့ ငါဂီတ ပြောင်းလိုက်ရင် ကောင်းမလား။ သဘင်ပြောင်းရင် ကောင်းမလားဆိုတဲ့ အဲတာမျိုး မပေါ်ခဲ့ဘူး။ ပြောရင်တော့ ဇာတ်သဘင်မျိုးရိုး ဆိုင်းမျိုးရိုးဆိုတော့ ငယ်ငယ်တုန်းကလည်းကတယ်။ ဟိုငယ်ငယ်ကတည်းက နောက် စန္ဒာဝင်းမှာလည်း ပြဇာတ်တွေ ဘာတွေ ဝင်ကတယ်။ ရာမဇာတ်ထဲမှာလည်း ရာမတွေ ဘာတွေ ဝင်ကတယ်။ တော်ပြီကွာ ငါအကပဲ ပြောင်းရင်ကောင်းမလား မရှိခဲ့ဘူး။ ဆိုင်းမျိုးရိုးဆိုတော့ နည်းနည်းပါးပါး တစ်ခါတလေ တီးတာလေး ရှိတယ်။ တော်ပြီကွာ ဂီတနဲ့ အသက်မွေးတော့မယ် ဒါမျိုးလည်း မရှိဘူး။ ကိုင်းကွာ ရေးမယ်ကွာ ဆိုပြီး အဲဒီအတိုင်းပဲ ထားခဲ့တယ်။ ဒွိဟ မဖြစ်ဘူးပေါ့နော်။

ဒီလိုနဲ့ပဲ နောက်ဆုတ်ဖို့ ခက်ခဲတယ်ဆိုတဲ့ အခြေနေတွေကနေ ရုန်းကန် ကြိုးစားခဲ့ရတာကြောင့် သူ့ရဲ့ဘဝ အလှည့်အပြောင်းတစ်ခုကို ဖြစ်စေခဲ့တဲ့ လင်္ကာဒီပ ချစ်သူဆိုတဲ့ ဝတ္ထု ရေးဖြစ်ခဲ့ပုံ အကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။

လင်္ကာဒီပချစ်သူကတော့ မှတ်မှတ်ရရ အသက် ၃၀ အရွယ်မှာ ၂၉ ည ထိုင်ရေးတာ။ ထုတ်ဝေသူ မရှိဘူး။ အဲဒီအချိန်မှာက အစိုးရအလုပ်ကလည်း ထွက်ခဲ့ပြီ သမဝါယမ မှာလည်း ပြောင်းပြီး အဲဒီက ထွက်ခဲ့ပြီ ကြားထဲ ကျုရှင်ပြလိုက်သေးတယ်။ စာသင်ရတာ ဝါသနာပါတယ်။ သို့သော် အဲဒီကလည်း ဖြစ်ဖြစ်မြောက်မြောက် မရဘူး။ သူများထောင်တဲ့ ကျုရှင်မှာ ကိုယ်က ဝင်သင်တာကိုး။ အဲတော့ ဘာမှ မလုပ်တော့ဘူးကွာဆိုပြီး ပစ်ချပြီးတော့ ကဲ ငါဘာလုပ်မလဲ စာရေးမယ်။ ဒါကလွဲပြီး အခြားအလုပ် မလုပ်တော့ဘူး။ အဲတော့ ဝင်ငွေမရှိဘူး ရတယ်။  ကွယ်လွန်သူ အဘိုးထားခဲ့တဲ့ တရားစာအုပ်တွေ သွားရောင်းပစ်လိုက်တယ်။ အဲဒီအထဲကနေပြီးတော့ အမေ့ကို စာအုပ်ဖိုး ပိုက်ဆံတွေ သွားပေးလိုက်တယ်။ ဒါအမေ့ကို ထောက်ပံ့တာ။ ကိုယ်ကိုယ်တိုင်ကတော့ ရေသောက် ဗိုက်မှောက်ပြီး ချတာပဲ။ ၂၉ည ထိုင်ရေးပြီးတော့ သူငယ်ချင်းတစ်ယောက် ရောက်လာပြီးတော့ ကိုထွန်းဝင်းတဲ့ နေလသား စာပေ တောင်သာမြို့က သူကနေ မင်းစာအုပ်ငါကြိုက်တယ်ကွာ သူထုတ်ပေးမယ်ဆို သူထုတ်ပေးလို့ စာအုပ်ကလေး ဖြစ်လာတယ်။

ဆရာမြသန်းတင့်နဲ့ ဆရာပါတို့ရဲ့(ပါရဂူ)အမှာလေးကို ယူလိုက်တယ်။ အဲဒီဝတ္ထုလေးနဲ့ နေရာလေး တစ်နေရာပေါ့လေ။ အဲဒီဝတ္ထုက ချစ်ဦးညိုဆိုတဲ့ ကလောင်တစ်ချောင်းကို မွေးဖွားပေးလိုက်တယ်လို့ ပြောလို့ရတယ်။ ဆရာပါရဂူတို့ ဆရာမြသန်းတင့် တို့ အမှာစာရဲ့ ဝိတ်တွေလည်း ပါပါတယ်။ တစ်ဖက်ကလည်း ကြော်ငြာအားလည်း ဖိသုံးတယ်။ ရှုမဝ မဂ္ဂဇင်းမှာ ပြီးတော့ တစ်ဘက်ကလည်း ပြောရရင်တော့ သူများပြောတဲ့ စကားလုံးပါ ကိုယ့်စကားလုံး မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက ယူဆထားတဲ့ အယူအဆကြီးကို  ဒီဘက်ကနေ လှည့်ကြည့်လိုက်တာ။ BC  ၄ရာစုနဲ့ ၆ရာစုကြားပေါ့ ကြာလှပါပြီ။ အဲဒီမှာပေါ်ခဲ့တဲ့ ဝါရမိကိအမည်ရှိတဲ့ ကဝိကြီးက စတင်ခဲ့တဲ့ ရာမာရဏ ဆိုတာ ကြီးက အမြဲတမ်းကြီး ဒီအတိုင်း အရှေ့တောင်အာရှမှာ ပြန့်တယ်။ ကမ္ဘာမှာ ပြန့်တယ်။ မြန်မာပြည်ရောက်တယ်။ အိန္ဒိယ ရောက်တယ်။ ထိုင်းရောက်တယ်။ အဲလို ကနေကြတယ်။ တီးကြတယ်။ ဆိုကြတယ်။ ရေးကြတယ်။ ဖွဲ့ကြတယ်။ အဲဒီ မှာ ပြောင်းပြန်လှန်ကြည့်လိုက်တာ မဟုတ်ပါဘူး ကိုယ်က ရှုထောင့် တစ်ချက်လေး ပြောင်းကြည့်လိုက်တဲ့ အချိန်မှာ တစ်မျိုးတစ်မည် ဖြစ်သွားတယ်ပေါ့။ အဲတာကလည်း တက္ကသိုလ်တုန်းက သင်ခဲ့တဲ့ philosophy ပေါ့။ အဲတာရဲ့ အကျိုးအာနိသင်လို့လဲ ပြောလို့ရပါတယ်။ ဒီလို တောက်လျောက် မြင်လာခဲ့တဲ့ အမြင်ကနေ ဖောက်ထွက်ပြီးတော့ ဟိုဘက်ကနေ လှည့်ကြည့်လိုက်တဲ့ အချိန်မှာ တစ်မျိုး ဖြစ်လာတာပေါ့။ ဒီစာအုပ်နဲ့ စာပေနယ်ကို ရောက်ရှိလာပြီးတော့ နောက်ထပ် အဲဒီမှာ နာမည်ကြီးသွားတယ်။ အသိမှတ်ပြုကြတယ်ပေါ့ကွယ်။ ဆန့်ကျင်တဲ့သူလည်း အများကြီးပေါ်လာတယ်။ ဒီအပေါ်မှာဝေဖန်တဲ့ သူတွေ ကြိုက်တဲ့သူလည်း ပေါ်လာတယ်။ အဲတော့ နောက်တစ်ခါ စာအုပ်တိုက်တွေကနေပြီးတော့ ဒါကို အမှီပြုပြီးတော့ စာချုပ်ဖို့ ကြိုးစားတယ်။ စာချုပ် လက်မခံဘူး။ တစ်အုပ်ချင်းပဲ ရေးတယ်။ အဲလို အောင်မြင်နေတဲ့ အချိန်မှာ မွဲလိုက်တာမှ ၁၉၇၀/၈၀ကြား လူက အဆင်းရဲဆုံး အစုတ်ပြတ်ဆုံးပဲ။ 

လင်္ကာဒီပ ချစ်သူ အောင်မြင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဒီဝတ္ထုနဲ့ ပတ်သက်ပြီးတော့ နှစ်သက်အားပေးတဲ့ ပရိတ်သတ်တွေလည်း ရှိခဲ့သလို ဝေဖန်မူတွေလည်း ကြုံခဲ့ရပါတယ်။ ဒီလိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဆရာချစ်ဦးညိုက သူ့ရဲ့ သဘောထားကိုလည်း အခုလိုပြောပြပါတယ်။

ဆရာမကြီးတစ်ယောက်ကဆိုရင် စာတမ်းဖတ်ပွဲမှာ စာတမ်းကို ထည့်ဖတ်တယ်။ ဒီချစ်ဦးညိုရဲ့ အလင်္ကာဒီပ ချစ်သူ ဖတ်ပြီးတော့ နောင်အနှစ်ငါးဆယ် တစ်ရာကြတဲ့ အခါမှာ ရာမဇာတ်ကြီးဟာ မူလဇာတ်ကြောင်းကနေ သွေဖီသွားမှာ စိုးရိမ်လှပါတယ်။ စာရေးကောင်းသူများရဲ့ အန္တရာယ်ကလည်း မသေးပါလားဆိုပြီးတော့ ဟာ ချပြီပေါ့။ နောက်ချတဲ့ သူတွေလည်း အများကြီးပဲ။ ဆရာမောင်စွမ်းရည်တို့ဆိုလည်း တီးတာပဲ။ ထားတော့။ နောက်တစ်ခါ ရာဇဝင်သမိုင်းမှာပဲ ဖြစ်ဖြစ် လူဆိုးတွေ ရှိသလား ချစ်ဦးညိုဆီ လွှတ်လိုက် သူက လူကောင်းဖြစ်အောင် လုပ်ပေးလိမ့်မယ်။ ကိုယ့်မှာ လူဆိုးကို လူကောင်းဖြစ်အောင်ထုတ်လုပ်တဲ့ စက်ကြီး ကျနေတာပဲ။ အဲတာမျိုးလည်း ခံရတာ ရှိတယ်ကွယ့်။

နောက်တစ်ခါ ရာဇကုမာရ ဆိုတဲ့ ဝတ္ထုရေးသေးတယ်။ အဲဒီမှာလည်း ဝိုင်းပြောကြတယ်။ ဒါပေမယ့် စိတ်က အခုထိ လိပ်ပြာသန့်တယ်။ အခုထက်ထိလည်း ဒီအလင်္ကာဒီပချစ်သူ စာအုပ်က ၁၉၇၀ ကတည်းဆိုတော့ နှစ်ပေါင်း ၃၈/၃၉ နှစ် ရှိသွားပြီ။ နှစ်ပေါင်း ၄၀လောက်ရှိသွားပြီ ကိုယ်စာရေးသက်တမ်းတောင် ၃၉ နှစ် ရှိသွားပြီ။ ဆိုတော့ အခုထိအောင် ဒီဝတ္ထုနဲ့ ပတ်သက်လို့ နောင်တ မရဘူး။ နောင်တဆိုတာက ငါအဲဒီလို လုပ်ခဲ့ရမှာ မလုပ်လိုက်မိလေခြင်း၊ ငါအဲဒီတုန်းက မလုပ်ရမှာ ဘာကြောင့်ငါလုပ်ဖြစ်သွားလဲ မသိဘူး။ အဲတာမှ နောင်တ။ ကိုယ်က အခုထိ ဒီဝတ္ထုနဲ့ ပတ်သက်လို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို စာရေးဆရာတစ်ယောက်အနေနဲ့ လိပ်ပြာသန့်စွာ ရေးခဲ့တဲ့ အတွက် ဒီအပေါ်မှာ clear concepts ဖြစ်တယ်။ ဖြစ်တဲ့ အတွက် ဘယ်သူဘာပြောပြော ဘာမှ မဖြစ်ဘူး။ စိတ်ထဲမှာ မတုန်လှုပ်သွားဘူး။ ပြောတဲ့သူကိုလည်း တစ်ချိန်ကျ သိသွားမှာပါလေ။ မသိတော့လည်း သူစိတ်နဲ့သူ သွားတော့ပေါ့လေ ဘယ်တတ်နိုင်မလဲ။ စိတ်ထဲအဲလိုပဲ ထားလိုက်တယ်။ စိတ်လည်း မဆိုးပါဘူး။ ဒီအပေါ်မှာလည်း နာကျင်သွားတာ မရှိပါဘူး။

ဆရာ ဒါဆိုရင် ဆရာ့ဘဝမှာ အောင်မြင်မှု တစ်ခုကို ရဖို့အတွက်ကို သူများတွေနဲ့ မတူညီတဲ့ လမ်းကြောင်းကလည်း လျောက်ခဲ့ ပြီးပြီ ဝေဖန်မှုတွေလည်း ခံခဲ့ပြီ။ အားပေးမှုတွေလည်း ခံခဲ့ပြီဆိုတော့ လောကဓံတွေကို ဆရာ အများကြီး ခံခဲ့ရတာပေါ့နော်။ အဲဒီလိုမျိုး လောကဓံ အနိမ့်အမြင့်တွေ ကြုံတဲ့ အခါမှာ ဆရာ့စိတ်ကို ဘယ်လိုမျိုး အားမွေးပြီးတော့ ရှေ့ဆက်ခဲ့လဲ အောင်မြင်မှု တစ်ခု ရဖို့ အတွက်ပေါ့နော်။

အဲဒီမေးခွန်းလေး မေးတဲ့အတွက် ကျေးဇူးတင်တယ်။ ဝမ်းသာတယ်။ ကြော်ငြာထိုးခွင့်လည်း ရသွားတယ်။ လောကဓံနှင့် လမ်းလျောက်အတူထွက်ခြင်းဆိုပြီးတော့ စာအုပ်ကလေး ထွက်ထားတာ ရှိတယ်။ အကြိမ်ကြိမ် ရိုက်နေတာ ပြီးရင် လက်ဆောင်လေး ပေးလိုက်မယ်နော်။ လောကဓံဆိုတာက လောက ဓမ္မ။ လောကြီးမှာ ဖြစ်တတ်ပျက်တတ်တဲ့ သဘောတရား မြတ်စွာဘုရားတောင် မရှောင်နိုင်ဘူး။ ဘယ်သူမှ ရှောင်လွဲလို့မရဘူး။ လောက ဓမ္မမှာ အကောင်းလေးမျိုး အဆိုးလေးမျိုး ဒါပဲ ရှိတယ်။ ယသော၊ အယသော၊ လာဘော၊ အလာဘော၊ နိန္နံ မသန္နံ၊ သုခံ၊ ဒုက္ခံ။ နာမည်ကြီးခြင်း နာမည်ပျက်ခြင်းပေါ့။ နောက်တစ်ခါ အချွေအရံများခြင်း၊ အချွေအရံမရှိခြင်း၊ နောက်တစ်ခါ ဝင်ငွေများခြင်း၊ ဝင်ငွေနည်းခြင်းပေါ့ ၊ နောက်တစ်ခါ ချမ်းသာများခြင်း၊ ချမ်းသာမရှိခြင်းပေါ့။ လောကဓံတရား ရှစ်ပါးရှိတယ်။ အကောင်းလေးပါး၊ အဆိုးလေးပါး။

အဲဒီအပေါ်မှာ များသောအားဖြင့် ဖြစ်တတ်တာက ပုထုဇဉ် သဘာဝ အကောင်းလေးပါနဲ့ တွေ့တဲ့ အခါမှာ ပစ္စည်းဥစ္စာတွေရတယ် လဒ်တွေရတယ်။ အချွေရံတွေများတယ်။ ချမ်းသာမှုနဲ့တွေ့တဲ့အခါမှာ တစ်ခါတည်း လူူကအဲလိုဖြစ်သွားတယ်။ အဆိုးလေးပါးနဲ့တွေ့တဲ့အခါမှာ လူတွေက စိုက်ဆင်းသွားတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ အဆိုး (၄) ပါးနဲ့ကြုံတဲ့အခါမှာ တောင့်ခံတယ်။ တစ်ချို့ကျတော့ အကောင်း (၄ )ပါးနဲ့ ကြုံတဲ့အခါမှာ မြောက်တက်သွားတယ်။ အမျိုးမျိုးပေါ့ လောကဓံနဲ့ ပါတ်သက်ပြီး အဲလို ဖြစ်နေတာ။ အဲတော့ အရေးကြီးတာက ယောနိသော မနသီကာရ ခေါ်တာပေါ့ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်း ဘယ်အရာကိုမဆို တစ်ဆုံးတစ်စမဟုတ်ဘဲနဲ့ လျောက်ပတ်စွာ သင့်တင့်စွာ နှလုံးသွင်းခြင်း အဲဒါယောနိသော မနသာရ ခေါ်တယ်။ အဲစိတ်ကလေးက ဘယ်ကရလိုက်လဲဆိုတော့ ဗုဒ္ဓစာပေတွေ ဖတ်ရင်းနဲ့ ရလာတာ။ ပြီးတော့ အခုနကပြောတဲ့ ဆရာတော်ကြီးများရဲ့ အတ္ထုပ္ပတ္တိ  ဖတ်ခြင်းအားဖြင့် ရတယ်။ အော် ဒီလိုခံခဲ့ရတာပဲ။ ဒီလိုဖြတ်သန်းခဲ့တာပဲဆိုတော့ ကိုယ့်မှာ အတက်ပိုင်းရောက်လို့လဲ သိပ်ပြီး မတုန်လှုပ်လိုက်ဘူး။ အကျပိုင်းရောက်လို့လဲ သိပ်ပြီး မတုန်လှုပ်ခဲ့ဘူး ရုတ်တရတ် အငိုက်မိပြီးတော့ ဒိုင်းကနဲ ထိတာပဲနော်။ ဒါပေမယ့် ချက်ချင်းပြန်ပြီးတော့ သတိလေးနဲ့ ပြန်ဆယ်တယ်။

အဲတော့ လောကဓံတရားဆိုတာ တစ်ချို့က ပြောတာက လောကဓံကို စိန်ခေါ်ပြီးတော့ တိုက်ခိုက်မယ်ကွ ဆိုပြီးတော့ ကြွေးကြော်တာ ရှိတယ်။ ကောင်းပါတယ်။ ဒါငယ်ရွယ်သူတွေရဲ့ တက်ကြွတဲ့ဟာ ။ ငါလောကဓံတရားတော့ Sorry  ပါကွာဆို မဟုတ်ဘူးလေ။ လောကဓံတရာကို Fight  လုပ်ပြီးတော့ သူက Successful  ဖြစ်အောင်လုပ်မယ်။ သို့သော် အဲလိုလုပ်လွန်းအားကြီးရင် ဘာဖြစ်တတ်လဲဆိုတော့ ရာဇသြင်္ကန်အမတ်ကြီး ကြုံရသလိုပေါ့။ သစ်ပင်အကြီးတွေက လေတိုက်ရင် ဖြောင်းကနဲ့ ဖြောင်းကနဲ ကျိုးသွားတယ်။ သစ်ပင်ငယ်လေးတွေက ဒီလိုမျိုး ကပ်နေရင် ဘာမှမဖြစ်ဘူး တစ်ခါတလေမှာ သိပ်ကြံကြံခံရင် သိပ်ပြီးတော့ ဆန့်ကျင်ရင် ဖြောင်းကနဲ ကျိုးသွားတတ်တယ်။ ဒါပေမယ့်နံပြားငပင်လေးတွေလို လေယူရာသိမ်း ယိမ်းနွဲ့ပြီးတော့ ပြီးတော့ သူတို့က ဘာမှ မဖြစ်ဘူးကွာ အဲတာကျတော့လည်း သူတို့က ချောင်သမား ဆန်လွန်းတယ်။ ပျော့ညံလွန်းအားကြီးတယ်။ ဒီနှစ်ခုကြားမှာ ရပ်တည်နိုင်ဖို့က ဘယ်လိုစိတ်သွင်းလဲ ဆိုတော့ လောကဓံတရားဆိုတာ စိန်ခေါ်ပြီး တိုက်ခိုက်ရမယ့် အရာလည်း မဟုတ်ဘူး။ အမလေး ကြောက်စရာကြီးဗျာဆိုပြီးတော့လည်း အရှုံးပေးရမယ့် အရာမဟုတ်ဘူး။ သူ့ကို လမ်းလျောက်ဖော် လမ်းလျောက်ဖက်လို မိတ်ဆွေလို သဘောထားပြီးတော့ လာခဲ့ အတူတူသွားမယ် လောကကြီးထဲနေတဲ့ငါ လောကဓံတရားနဲ့တွေ့ရမှာပဲ မင်းတက်မလားတက် ဆုတ်မလားဆုတ် မင်းအလုပ် မင်းလုပ် ငါလည်းပါတယ်။ ကဲသွားကြစို့၊ တက်ကြစို့ ၊ ကျကြစို့။ အဲသလိုမျိုး လောကဓံနှင့်လမ်းလျောက်အတူထွက်ခြင်းဆိုပြီးတော့ စာအုပ်ကလေး ထွက်ထားတယ်။ အဲလိုလေးနဲ့ ကျင့်သုံးတယ်။

 ဥပမာလေး တစ်ခု အဲထဲမှာ ပါတာလေး ပြောပြမယ်နော်။ ရှားလော့ဟုမ်းပေါ့ စုံထောက်ဦးစံရှားပေါ့နော်။ သူကအင်မတန်လေးနက်တဲ့ ကြီးကျယ်တဲ့ အမှုကြီးတွေ လိုက်ပြီးပေါ်သွားပြီ အဲဒီအပေါ် သူက ငါကွဆိုပြီး မရှိဘူး။ ဘာလို့လဲ မောင်စံရှားထဲလည်း ပါတယ်။ ရှားလော့ဟုမ်းထဲလည်း ပါတယ်။ အဲဒါကြီးပြီးသွားရင် ဒါကြီးနဲ့ ပတ်သက်ပြီး ဂုဏ်ယူချင်တဲ့ အင်စပက်တာတို့ အော်ဖစ်ဆာတို့က သူတို့မှာ ပျာယာခတ်နေတာ ထောက်ခံစာတို့ တံဆိပ် တွေ ရချင်လို့  ဒါကြီး ဘယ်လိုလုပ်ပါတယ်။ ဦးစံရှားက သူကိုယ်တိုင် ဖြေရှင်းပေးတာ။ ဘာမှ ဂရုမစိုက်ဘူး။ ကဲပြီးသွားပြီး ကျုပ်တို့ ဒီညနေ ဘာလေး သွားစားရအောင် ကိုသိန်းမောင်ရေ အဲခေါင်းရင်းက ကျုပ်တယောလေး လှမ်းပေးစမ်းပါဗျာ ကျွန်တော် ပတ်ပျိုးလေး မေ့နေတာ ကျုပ်ထိုးမလု့ိ ဒါပဲ။ သာသာလေး ဖြတ်သန်းသွားတာ။ ကောင်းရင်လည်း သာသာလေးပဲ။ အောင်မြင်ရင်လည်း သာသာလေးပဲ။ ကျဆုံးရင်လည်း သာသာလေးပဲ။ အဲလိုဖြတ်သန်းရင် လူကနှလုံးရောဂါလည်း မဖြစ်ဘူး။ ပြီးတော့ အင်အားလည်း လျော့မသွားဘူး။ ဒီအတိုင်းပဲ သွားနေတာ အခုအဲလိုလေးနဲ့ ဖြတ်သန်းနေတာပေါ့နော်။

ကျွန်တော်တို့ ဒီMeet the Successful  အစီစဉ်ကို ကြည့်နေတဲ့ လူငယ် ပရိတ်သတ်တွေ အတွက်လည်း ပေ့ါနော်။ အောင်မြင်မှုကို ဘဝမှာ ကြိုးစားနေတဲ့ သူတွေ အောင်မြင်မှု ရရှိဖို့အတွက်ကို သူတို့အနေနဲ့ ဘယ်လိုမျိုး စိတ်ထားနဲ့ ကြိုးစားသင့်လဲ ဆိုတာ စကားလက်ဆောင် ပြောပေးဆရာ ။

အင်းပြောပြပေးပါ့မယ်။ အထူးသဖြင့် လူငယ်များပေါ့နော်။ တို့ ထားရမှာ လေးခုရှိတယ်။ အောင်မြင်မှုအတွက်ထားရမှာ ဘာလဲဆိုတော့ ဆန္ဒ။ ဆန္ဒာ အဓိပတိလို့ ခေါ်တယ်။  ငါဖြစ်ကိုယ်ဖြစ်ရမယ် ဒါမဖြစ်လို့ကို မဖြစ်ဘူး။ ငါဒါကို ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးးတော့ ဆန္ဒကို အဓိပတိတပ်ရတယ်။ တစ်ခါတုန်းက ဆိုကရေးတီး မှာ ပညာသင်ချင်တဲ့ ကောင်းလေးတစ်ယောက် ရောက်လာတယ်။ ဂရိတွေးခေါ်ရှင် ပညာသင်ဖို့ ဆိုကရေးတီး က ပင်လယ်ကမ်းစပ် ကို ခေါ်သွားတယ်။ တစ်ဖြေးဖြေး နောက်ကလိုက်ခဲ့ ။ ဟိုကောင်ကလည်း လိုက်တာ ငါ့ပညာတော့ ကောင်းကောင်း သင်ပေးတော့မှာပဲ ဆို ပြီး ရေက ခါးကျော်ကျော်လောက်လဲရောက်တဲ့ အခါမှာ ဆိုကရေးတီးက အဲကောင်လေးကို ခေါင်းကနေ ကိုင်ပြီး ရေထဲမြှုပ်လိုက်တယ်။ အတော်ကြာမှ အပေါ်ကို ဖော်တယ်။ နောက်ဒုတိယ အကြိမ် ပြန်မြှုပ်  အမောမပြေသေးဘူး။ နောက်တတိယကြိမ် ပြန်မြှုပ် ဒီတစ်ခါ ဆက်မြှုပ်ထားရင် သေတော့မလောက် အခြေနေ ရောက်သွားပြီ အဲဒီအခါကျမှ အပေါ်ကို ဖော်လိုက်တော့ ဟိုကောင်က ပေါ်လာပြီး မောမောနေ ဆရာကြီး ကျွန်တော့်ကို ဘယ်လိုလုပ်လိုက်တာလဲ ။ ငါမေးမယ် တတိယ အကြိမ် မင်းကို ငါမြှုပ်ထားတုန်းက မင်းစိတ်ထဲမှာ ပေါ်လာတဲ့ အကြီးမားဆုံး ဆန္ဒက ဘာလဲ။ ကျွန်တော် အပေါ်တက်ပြီး လေရှူချင်တာတဲ့။ အဲမှ မရှူရရင် ကျွန်တော်သေမှာ သိတယ်တဲ့။ အေး မင်းပညာလိုချင်တဲ့ ဆန္ဒကလည်း မင်းအဲဒါမှ မရရင် သေမယ်ဆိုတဲ့ စိတ်မျိုးပေါ်လာရင် မင်းငါ့ဆီပြန်လာခဲ့ ရိုးရိုးဆန္ဒနဲ့တော့ မလာနဲ့။

နာမည်ကြီးတဲ့ မင်းသားဖြစ်ချင်လိုက်တာ အဆိုတော် ဖြစ်ချင်လိုက်တာ။ မလုပ်နဲ့ ။ အဲဒါကတော့ ပိုက်ဆံတွေ ရမှာပဲ နာမည်ကြီးမှာပဲ။ အဲလိုတော့ မလုပ်နဲ့ တကယ် ဆန္ဒရှိမှလုပ်။ ဆန္ဒ တကယ်ကြီးမားလာရင် နောက်က ဝီရိယဆိုတာလိုက်လာတယ်။ အားထုတ်လာတယ်။ ကြိုးပမ်းလာတယ်။ တော်ရုံတန်ရုံ ဝီရိယ မဟုတ်ဘူးနော်။ အကြိမ်ကြိမ်လဲ အကြိမ်ကြိမ် ပြန်ထ ဒီဘက်ကမရရင် ဟိုဘက်က အဲလိုပေါ့။ ဆန္ဒာအဓိပတိ။ ဝီရီယအဓိပတိ။ နောက်တစ်ခါ စိတ္တာ အဓိပတိ။ စိတ်ဓာတ်ခွန်အားတွေလည်း တက်လာတယ်။ နောက်ထပ် ဝေမာလာ အဓိပတိခေါ်တယ်။ တွေးခေါ် ဆင်ခြင်မှု အားတွေလည်း တက်လာတယ်။ အဲဒီ အဓိပတိ (၄) ပါးနဲ့ ပြည့်စုံရင် မအောင်မြင်စရာ အကြောင်းမရှိဘူး။

အကျယ်သိချင်ရင် စာတွေ ဖတ်ကြည့်လိုက် စာအုပ်တွေထဲမှာ အများကြီး ပါတယ်။ အကယ်၍ အဲဒီအဓိပတိ (၄) ပါးတက်လို့ ဝီရိယသော်လည်းကောင်း စိတ္တသော်လည်းကောင်း ချို့တဲ့ပြီးတော့ အောင်မြင်မှု မရဘူးထား အခုနကလို စိတ်ထားပြီးတော့ လောကဓံနဲ့ အတူ လမ်းလျောက် အတူထွက်လိုက် အဲတာ စိတ်ဓာတ်ခွန်အား ပြန်ရလိမ့်မယ်။ လူငယ်တွေအတွက် လက်ဆောင်ပေါ့နော်။

Mizzima Weekly