လွှတ်တော်ဥက္ကဌ လေးဦးကိစ္စ NLDအတည်မပြု၊ အမျိုးသားရင်ကြားစေ့ရေး အလေးထားရွေးမည်

လွှတ်တော်ဥက္ကဌ လေးဦးကိစ္စ NLDအတည်မပြု၊ အမျိုးသားရင်ကြားစေ့ရေး အလေးထားရွေးမည်
ဇန်နဝါရီ ၂၀ရက်က ပြည်ထောင်စုလွှတ်တော်သို့ လေ့လာသူအဖြစ် ရောက်ရှိလာသော အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် သတင်းထွက်နေသူ မန်းဝင်းခိုင်သန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂၁)။ ။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် လွှတ်တော်ဥက္ကဌများအဖြစ် သတင်းထွက်နေမှုအပေါ် အတည်မပြုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ငြင်းဆိုလိုက်သည်။

"အခုထိတော့မဆုံးဖြတ်ရသေးဘူး။ ဒီလိုကြီးတဲ့ရာထူးမှန်သမျှဟာ ဒီလိုသတင်းဌာနတစ်ခု ပြောလိုက်တယ်ဆိုတာထက် အဲ့လိုပေါ့ပေါ့တန်တန်ကျွန်တော်တို့ဘယ်တော့မှမလုပ်ဘူး။ဒီရာထူးတွေကို စီးအီးစီဆုံးဖြတ်ချက်နဲ့ လွှတ်တော်ဥက္ကဌတွေကို အသိပေးပြီးတော့မှ ကြေညာမယ်" ဟု ပါတီ၏ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ဇန်နဝါရီ ၂၁ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များကို ပြောသည်။

လာမည့် ဒုတိယလွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ်တော်အတွက် ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်းတို့ကို ရွေးချယ်ထားကြောင်း အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဉာဏ်ဝင်းက ပြောဆိုကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြမှုအပေါ် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ လွှတ်တော်ဥက္ကဌနေရာများကို တာဝန်ပေးရန် ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး စနစ်တကျ စိစစ်ရွေးချယ်နေဆဲဖြစ်သည်ဟုလည်း ဦးဝင်းထိန်က ဆိုသည်။

"ရွေးပုံရွေးနည်းကလည်း အမျိုးသားရင်ကြားစေ့ရေးရယ်၊ နောက်တိုင်းရင်းသားနဲ့ တိုင်းပြည်အကျိုးပြုမယ့် အခြားပါတီကဖြစ်စေ အပြင်ကပုဂ္ဂိုလ်ပဲဖြစ်စေ အဲဒီလူကိုရွေးတာ၊ ရွေးတဲ့အခါ သတိထားပြီး ရွေးတယ်" ဟု ဦးဝင်းထိန်က ဆိုသည်။

ရွေးချယ်ပြီးသည့်အခါတွင်လည်း ပြည်သူများထံ အသိပေးကြေငြာမည်အချိန်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သတ်မှတ်မည်လည်း ဖြစ်သည်။ တရားဝင်မထုတ်ပြန်မီ သတင်းထွက်ပေါ်ခဲ့သည့်အတွက် ကာယကံရှင်များဖြစ်သူ ဦးဝင်းမြင့်နှင့် မန်းဝင်းခိုင်သန်းတို့ကို တောင်းပန်သွားမည်ဟုလည်း ဦးဝင်းထိန်က ပြောသည်။ ထို့ပြင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်မဟုတ်ဘဲ ထုတ်ဖော်ပြောဆိုမှုအပေါ် ဦးဉာဏ်ဝင်းကိုလည်း မေးမြန်းထားသည်ဟု ဆိုသည်။

"ဦးညဏ်ဝင်းဖြေတာနဲ့ပတ်သက်လို့ သဘောထားကတော့ စီးအီးစီအဆုံးအဖြတ်မပါတဲ့အတွက်ကြောင့်မို့လို့ ဘယ်လိုကြောင့်အဲလိုဖြစ်သလဲဆိုတာပြန်မေးထားတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စအပေါ် မဇ္ဈိမအနေဖြင့် ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်ကမူ "ဖြေစရာလည်း မရှိပါဘူး။ ပြောတဲ့သူကိုသာပြန်မေးပါ။ အဲ့ဒီကိစ္စအတွက် ဘာမှလည်း ဖြေစရာမရှိဘူး" ဟု ဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သတင်းထွက်နေသူ ဦးဝင်းမြင့်သည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ပုသိမ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ရွေးကောက်ခံ အမတ်ဖြစ်လာခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ရန်ကုန်မြို့ တာမွေမြို့နယ် မဲဆန္ဒနယ်မှ ပြန်လည်ရွေးချယ်ခံခဲ့ပြီး ထပ်မံအနိုင်ရရှိထားသူဖြစ်သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် သတင်းထွက်နေသူ မန်းဝင်းခိုင်သန်းမှာ အာဇာနည် ခေါင်းဆောင်တစ်ဦးဖြစ်သည့် မန်းဘခိုင်၏မြေး တော်စပ်သူလည်းဖြစ်သည်။ သူသည် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၈)၏ ရွေးကောက်ခံ အမတ်လည်းဖြစ်သည်။ ထူးခြားမှုအဖြစ် မန်းဝင်းခိုင်သန်းသည် ဇန်နဝါရီ ၂၀ ရက်က လွှတ်တော်သို့ သွားရောက် လေ့လာခဲ့သည်ကိုလည်း တွေ့ရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags