၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး  ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး  ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

မတ်လ ၁၀ ရက်

အကြမ်းဖက် စစ်ကောင်စီက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ယနေ့ မတ်လ ၁၀ ရက်နေ့တွင် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်သည်။

ဦးမြအေးသည်  စစ်တပ် အာဏာ သိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက မတရား ဖမ်းဆီးခြင်း  ခံခဲ့ရသူ ဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ဂ) ဖြင့် ချုပ်ရက် ခံစားခွင့် အပါအဝင် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရခြင်း ဖြစ်သည်။ မတရား ပစ်ဒဏ်ချခံရသည့် ယနေ့  မတ်လ ၁၀ ရက်နေ့သည် ၎င်း၏ ၅၆ နှစ်မြောက် မွေးနေ့လည်း ဖြစ်သည်။

" မိသားစုဝင်တွေ အနေနဲ့ ဘာသတင်း အတွက်မဆို ကြိုတင်ပြင်ဆင် ထားပေမယ့် ဒီနေ့တော့ ဒေါသလည်း ထွက်တယ်။ စိတ်လည်းမကောင်းဘူး။  လျော့ရက်နဲ့ တွက်ရင် နောက်တစ်နှစ်ပဲ ကျန်တော့တယ် ဆိုပေမယ့် ထောင်ထဲမှာ တစ်နှစ်ဆိုတဲ့ အချိန်က နည်းတာ မဟုတ်ဘူး။ ပြီးရင် မင်အောင်လှိုင်တို့ လုပ်ချင်သလို လုပ်နေတဲ့အချိန်။ ဥပဒေက သူတို့ပါးစပ်ပေါ်မှာ ရှိနေတဲ့ အချိန်မှာ မျှော်လင့်ချက်လည်း မထားရဲဘူး" ဟု  ဦးမြအေး၏ သမီးကြီးဖြစ်သူ မဝေနှင်းပွင့်သုန်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ဦးမြအေးသည် လွန်ခဲ့သည့် ရှစ်နှစ်က တရုတ်နိုင်ငံသား တစ်ဦးဆီသို့  ပို့ခဲ့သည့် အီးမေးလ် တစ်စောင်ကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ဂ) ဖြင့်  မတရား စွဲဆို ခံထားရခြင်း ဖြစ်သည်။

မတ်လ ၁ ရက်က အပြီးသတ် လျောက်လဲချက် ပေးချိန်တွင် အပြစ်မရှိဘဲ ဖမ်းဆီးထားကြောင်းနှင့် စစ်ခုံရုံးနှင့် မခြားဘဲ တရားမျှတမှု မရှိသည့်  တရားခွင်အကြောင်း ဦးမြအေးက ပြောဆိုခဲ့သေးသည်။ ယင်းသို့ ပြောဆိုမှုကြောင့် ၎င်းသည် ဆေးကုသမှု မရဘဲ ပိတ်ပင် ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required