ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ကုန်သွယ်ရေး သဘောတူညီချက် (TPP) ကို နယူးဇီလန်တွင် လက်မှတ်ရေးထိုးမည်

ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ကုန်သွယ်ရေး သဘောတူညီချက် (TPP) ကို နယူးဇီလန်တွင် လက်မှတ်ရေးထိုးမည်

ဝယ်လင်တန်၊ ဇန်နဝါရီ ၂၁ ။          ။ သဘောတူညီချက်နှင့် ပတ်သက်၍ စေ့စပ်ညိနှိုင်းမှုများ ပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် ကြီးမားသည့် ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ကုန်သွယ်ရေး သဘောတူညီချက် (TPP) ကို လာမည့်လ၌ နယူးဇီလန်တွင် တရားဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဝယ်လင်တန်ရှိ အရာရှိများက ဇန်နဝါရီ ၂၁ တွင် ပြောသည်။

ကမ္ဘာ့အကြီးမားဆုံး လွတ်လပ်သည့်ကုန်သွယ်ရေးဧရိယာကြီးဖြစ်လာရန် TPP ကရည်ရွယ်ပြီး အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျအပါအဝင် ပစိဖိတ်သမုဒ္ဒရာအနားစွန်းနိုင်ငံ ၁၂နိုင်ငံပါဝင်မည်ဖြစ်သည်။

သဘောတူညီချက်နှင့် ပတ်သက်သည့် လုပ်ဆောင်မှုကို ၂၀၀၈ခုနှစ်ကတည်းက စတင်ခဲ့ပြီး နောက်ဆုံးတွင် သဘောတူစာချုပ်ကို ဖေဖော်ဝါရီ ၄ တွင် နယူးဇီလန်နိုင်ငံ၊ အော့က်လန်တွင် လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း နယူးဇီလန်ကုန်သွယ်ရေးဝန်ကြီး တော့ဒ်မက္ကလေးက ပြောသည်။

"လက်မှတ်ရေးထိုးပွဲအခမ်းအနားဟာ TPP ရဲ့စေ့စပ်ညိနှိုင်းရေးလုပ်ငန်းစဉ် ပြီးဆုံးတဲ့ အမှတ်အသားဖြစ်ပါလိမ့်မယ်"ဟု ၎င်းကဆိုသည်။ "လက်မှတ်ထိုးပြီးရင်တော့ နိုင်ငံပေါင်း ၁၂ နိုင်ငံဟာ သူတို့ရဲ့ပြည်တွင်းက အတည်ပြုချက်လုပ်ငန်းစဉ်တွေကို စတင်နိုင်ပါလိမ့်မယ်။

နောက်ပြီးတော့ သဘောတူညီချက် အာဏာမသက်ရောက်မီ ဒါကို အပြီးသတ်ဖို့ နှစ်နှစ်အထိအချိန်ရပါလိမ့်မယ်"ဟု၎င်းကပြောသည်။ သဘောတူညီချက်တစ်ခုလုံးကို အပြောင်းအလဲမရှိဘဲ သဘောတူညီခဲ့သည့်အတိုင်း အတည်ပြုရမည်ဖြစ်သည်။

သဘောတူညီချက်မှာ ၂၁ရာစုကုန်သွယ်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြောကြားခဲ့သည်။ သို့သော်လည်း အတည်ပြုမှုကိုတိုက်ဖျက်မည်ဟု ဝေဖန် သူများက ပြောကြားခဲ့ပြီး သဘောတူညီချက်က အလုပ်သမားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်မှုနှင့် တတ်နိုင်သည့် ဆေးဝါးကုသနိုင်မှုတို့ကို ခြိမ်းခြောက်နေသည်ဟု ဆိုသည်။

ကနေဒါ၊ ဘရူနိုင်း၊ ချီလီ၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနှင့် ဗီယက်နမ်တို့လည်း ပါဝင်သော TPP နိုင်ငံများက ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၏ ၄၀ရာခိုင်နှုန်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly