တရုတ်တွင် ကလေးမှောင်ခိုဂိုဏ်းကို ဖြိုခွင်းရာ မွေးကင်းစကလေး ၁၅ ဦးကို ကယ်ဆယ်နိုင်

တရုတ်တွင် ကလေးမှောင်ခိုဂိုဏ်းကို ဖြိုခွင်းရာ မွေးကင်းစကလေး ၁၅ ဦးကို ကယ်ဆယ်နိုင်

ပေကျင်း၊ ဇန်နဝါရီ ၂၁ ။            ။ တရုတ်နိုင်ငံက ရဲတပ်ဖွဲ့က နိုင်ငံအနောက်တောင်ပိုင်းအစွန်အဖျားရှိ ကလေးများကို မိုင် ၁၂၄၅ မိုင် အကွာအဝေး ကမ်းခြေမြို့က ဝယ်လက်များထံ အမေရိကန် ဒေါ်လာ ၃၀၀၀ ဖြင့် ရောင်းချနေသည့် ကလေးမှောင်ခိုဂိုဏ်းတစ်ဂိုဏ်းကို ဖြိုခွင်းခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ကလေးမှောင်ခိုသံသယရှိသူ ၇၈ ဦးအား ဖမ်းဆီးလိုက်နိုင်ပြီး မွေးကင်းစကလေး ၁၅ ဦးအား ကယ်တင်လိုက်နိုင်ကြောင်း ဇန်နဝါရီ ၂၀ ရက်နှောင်းပိုင်းက သတင်းတွင် ဖော်ပြသည်။

စီချွမ်ပြည်နယ် တောတောင်ထူထပ်ရာ လန်ရှန်းမြို့နှင့် ကမ်းခြေအနီး ရှန်ဒေါင်းပြည်နယ်ရှိ လင်ယီမြို့တို့ကို ကြိမ်ဖန်များစွာ သွားလာနေသော သံသယဖြစ်ဖွယ် စုံတွဲအား စက်တင်ဘာလက ရဲများက ထောက်လှမ်းစောင့်ကြည်နေခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

"ဇနီးလုပ်တဲ့သူက လန်ရှန်းမြို့အတွင်းမှာ မွေးကင်းစကလေးတွေကို ဝယ်တာဖြစ်ပြီး လင်ယီမြို့ကို သယ်လာတယ်။ ခင်ပွန်းလုပ်တဲ့သူကတော့ လင်ယီမြို့မှာ ဝယ်လက်လိုက်ရှာတာဖြစ်တယ်။"ဟု စုံစမ်းတွေ့ရှိချက်အပေါ် ကိုးကားလျက် ဆင်ဟွာက ရေးသားသည်။

ယောက်ကျားလေးများကို ယွမ် ၅၀၀၀၀ မှ ၆၀၀၀၀ ကြား( ဒေါ်လာ ၇၆၀၀ မှ ၉၁၂၀ကြား) ဖြင့် ရောင်းပြီး မိန်းကလေးများကို ယွမ်  ၂၀၀၀၀ မှ ၃၀၀၀၀ ကြားဖြင့် ရောင်းချခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောကြားချက်ကို ဆင်ဟွာက ဖော်ပြသည်။

ယခု ကယ်ဆယ်လိုက်နိုင်သည့် မွေးကင်းစကလေးများကို ဒေသတွင်းလူမှုကူညီရေးဌာနသို့ ပို့ဆောင်ထားသည်။ မွေးဖွားမိဘများကို ရှာဖွေရာတွင် အကူအညီဖြစ်စေရန် ဆရာဝန်များက ကလေးငယ်လေးများ၏ သွေးနမူနာကို ထုတ်ယူထားကြောင်းလည်း ဆင်ဟွာက ပြောပြသည်။

လူဦးရေထိန်းချုပ်သည် မူဝါဒများ သက်ရောက်ရာ တရုတ်နိုင်ငံတွင် ကလေးမှောင်ခိုကူးမှုများက ဆိုးဝါးစွာဖြစ်ပွားလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly