ဟိမဝန္တာ၌ ထိန်းသိမ်းထားသည့် ဗုဒ္ဓ၏အရိုးဓာတ်တော်ကို ပူဇော်ခွင့်ရကြမည်

ဟိမဝန္တာ၌ ထိန်းသိမ်းထားသည့် ဗုဒ္ဓ၏အရိုးဓာတ်တော်ကို ပူဇော်ခွင့်ရကြမည်
ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံအတွက် ကြိုတင်ပြင်ဆင်နေ။ photo - Myanma Alinn

ဇန်နဝါရီလ ၂၁ ရက် ။           ။ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံကာလ၌ ဟိမဝန္တာမှ ဗုဒ္ဓ၏ အရိုးဓာတ်တော်ကို မြန်မာနိုင်ငံသားများ ၈ ရက်ကြာ ပူဇော်ခွင့်ရကြမည်ဟု သိရသည်။

ဟိမဝန္တာမှ ဗုဒ္ဓ၏ အရိုးဓာတ်တော်ကို ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံ (The World Buddhist Peace Conference) မကျင်းပမီ တစ်ရက်အလို ဇန်နဝါရီ ၂၁ ရက်တွင် အိန္ဒိယနိုင်ငံမှတစ်ဆင့် စစ်ကိုင်းအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်သို့ ပင့်ဆောင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းများတွင် နေထိုင်သူ လူမျိုးစုတစ်စုက ထိန်းသိမ်းထားသည့် အဆိုပါ ဗုဒ္ဓ၏ အရိုးဓာတ်တော်ကို ယင်းလူမျိုးစုတို့၏ ဘာသာရေး ဒုတိယအကြီးအကဲ အပါအဝင် ဘာသာရေးခေါင်းဆောင် ၅ ဦးတို့က မန္တလေးလေဆိပ်သို့ သယ်ဆောင်လာမည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ဗုဒ္ဓ၏ အရိုးဓာတ်တော်သည် ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်နံနက်ပိုင်းအထိ စစ်ကိုင်းမြို့သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ကိန်းဝပ်အပူဇော်ခံမည်ဟု သိရသည်။

ဇန်နဝါရီ ၂၂ ညနေပိုင်းတွင် စစ်ကိုင်းမြို့ကောင်းမှုတော်၊ ဇန်နဝါရီ ၂၃ တွင် မန္တလေးမြို့ မဟာမုနိဘုရားကြီး၊ ဇန်နဝါရီ ၂၄ တွင် မန္တလေးမြို့ သုဓမ္မာကျောင်းတော်၊ ဇန်နဝါရီ ၂၅ တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ ဇန်နဝါရီ ၂၆ တွင် တောင်ငူမြို့ရွှေဆံတော်ဘုရား၊ ဇန်နဝါရီ ၂၇ နှင့် ၂၈ တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် စသည်ဖြင့် လှည့်လည် ကိန်းဝပ် အပူဇော်ခံမည်ဟု သတင်းစာ ကဖော်ပြသည်။ ဇန်နဝါရီ ၂၉ တွင်မူ အိန္ဒိယ သို့ ပြန်လည်ကြွချီမည်ဖြစ်သည်။

ဇန်နဝါရီ ၂၂ ရက်မှ ၂၅ ရက်အထိ စစ်ကိုင်းတောင်ရိုး သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပမည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံသို့ တိဗက်ဘုန်းတော်ကြီးများအပါအဝင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ လာတက် ကြမည်ဖြစ်သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံများမှ ဘာသာရေး ကျွမ်းကျင်သူများနှင့် လေ့လာသူ ၂ဝဝ ကျော်တို့ ရောက်ရှိနေပြီဟု မြဝတီ သတင်းဌာနမှ ဖော်ပြထားသည်။

တက်ရောက်ကြမည့် ဘာသာရေးကိုယ်စားလှယ်များထဲတွင် ချီလီ၊ မွန်တီနီဂရိုး၊ ဆားဗီးယားနှင့် ဆလိုဗေးနီးယား၊ သီရိလင်္ကာ၊ ဥရုဂွေး၊ ဗီယက်နမ်၊ အိန္ဒိယ၊ အီဂျစ်နိုင်ငံတို့မှလည်း ပါဝင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly