“ နှစ် ၅၀ ကျော်မှာမှ ပေါ်လာမယ့် အစိုးရအဖွဲ့သစ်ကို အကြပ်မကိုင်ပါနဲ့ ”

“ နှစ် ၅၀ ကျော်မှာမှ ပေါ်လာမယ့် အစိုးရအဖွဲ့သစ်ကို အကြပ်မကိုင်ပါနဲ့ ”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်မှာ အင်အားအကောင်းဆုံး ရခိုင်အမျိုးသားပါတီ ANP ကနေ ကြေငြာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ ကြေငြာချက်ကို အကျဉ်းရုံးပြီး ပြောရရင် ANP ပါတီဟာ ရခိုင်ပြည်နယ်မှာ အမတ်နေရာ အများဆုံး ရွေးကောက်ခံထားရတယ်၊ ဒါကြောင့် ပြည်နယ် ဝန်ကြီးချုပ်ဟာ ANP အမတ်တစ်ယောက်ယောက် ဖြစ်ရမယ်၊ တကယ်လို့ ပြည်ထောင်စုအဆင့် သမ္မတ တင်နိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အနေနဲ့ ANP အမတ်တစ်ယောက်ယောက်ကို ဝန်ကြီးချုပ်တာဝန် မပေးခဲ့ဘူး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ တာဝန်မပေးခဲ့ဘူး ဆိုရင်တော့ ANP အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အပါအဝင်၊ အခြားဘယ်အစိုးရ အဖွဲ့မှာမှ ပါဝင်တော့မှာ မဟုတ်ပဲ အတိုက်အခံအနေနဲ့ပဲ ရပ်တည်သွားတော့မယ်လို့ ဆိုပါတယ်။ ANP ပါတီရဲ့ အဲဒီ တောင်းဆို ချက် တရားမျှတပါရဲ့လား၊ ဒီတောင်းဆိုချက် ဘယ်လို အဓိပ္ပါယ် သက်ရောက်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ရအောင်။

ကြေငြာချက်ထဲမှာ အလေးအနက် ထားရမယ့် စာကြောင်း တစ်ကြောင်းပါပါတယ်။ အဲဒါက တော့ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အစဉ်တစ်စိုက် ရပ်တည်လာခဲ့သော ဒီမိုရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုသည့် မူအရ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည် နယ်အတွင်း မဲအများဆုံး အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ထဲမှ ဖြစ်ရမည်ဟု ရပ်တည် ဆုံးဖြတ်ထားသည်” ဆိုတာပါ။ ဒါဆိုရင် လက်ရှိ အတည်ဖြစ်နေ ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထည့်သွင်းစဉ်းစားဖို့ မလိုပါဘူး။ ကောင်းပါပြီ။ တကယ့်တကယ် ရခိုင် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဘယ်လိုအနေအထား ရှိသူကို ခန့်အပ်သင့်သလဲဆိုတဲ့ မူတစ်ခုကို အရင် စဉ်းစားကြည့်ကြရအောင်ပါ။

အားလုံး မှတ်မိကြပါဦးမယ်။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေး ကာလမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကြိုးစားခဲ့ကြပါတယ်။ အဲဒီ ကြိုးစားခဲ့မှုတွေထဲမှာ အာဏာရ ပြည်ခိုင်ဖြိုး၊ အင်န် အယ်လ်ဒီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ အခြား တိုင်းရင်းသားပါတီတွေ အားလုံး သဘောတူညီမှုရပြီး တင်သွင်းခဲ့တဲ့ အချက်တစ်ချက် ရှိခဲ့ပါတယ်။ ရှားရှားပါးပါး အားလုံး သဘောတူညီကြတဲ့ အချက်ပါ။ အဲဒါကတော့ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေ ခန့်အပ်ရေးနဲ့ ပတ်သက်တဲ့ အချက်ဖြစ်ပါတယ်။ ပါတီအားလုံးက တင်ပြတဲ့ မူကတော့ နဂို ဖွဲ့စည်းပုံပါ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို သမ္မတ က သူ့စိတ်ကြိုက် အမတ် တစ်ယောက်ယောက် ခန့်အပ်နိုင်တယ် ဆိုတဲ့ နေရာမှာ၊ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော်ထဲမှာ အမတ်အများစုက ရွေးချယ်တဲ့ အမတ်တစ်ယောက်ကို သမ္မတက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးဖို့ဆိုတဲ့ မူဖြစ်ပါတယ်။ ကံမကောင်း အကြောင်းမလှစွာပဲ အဲဒီအချက်ကို တပ်မတော်သား အမတ်တွေက ပယ်ချခဲ့လို့ ဖွဲ့စည်းပုံမှာ ပြင်ဖို့ အဆင့်အထိ ရောက်မလာခဲ့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ ရခိုင်ပါတီနဲ့ ပါတီအားလုံး လက်ခံထားတဲ့မူနဲ့ အခု ရခိုင်ပြည်နယ်မှာ ဘယ်သူ့ကို ဝန်ကြီးချုပ် ခန့်အပ်သင့်သလဲ ဆွေးနွေးကြည့်ကြရအောင်။
ရွေးကောက်ပွဲ ရလာဒ်တွေအရ ရခိုင်ပြည်နယ် လွှတ်တော် အတွက် ANP ပါတီက အမတ် ၂၂ ယောက်၊ အင်န်အယ်လ်ဒီ ၉ ယောက်၊ ပြည်ခိုင်ဖြိုး ၃ ယောက်၊ တစ်သီးပုဂ္ဂလ တစ်ယောက် အရွေး ခံထားရပါတယ်။ အခု အဲဒီလွှတ်တော်အတွက် တပ်မတော်သား အမတ် ၁၂ ယောက် နာမည်စာရင်း တင်သွင်းထားပါတယ်။

ပေါင်းလိုက်ရင် ရခိုင်ပြည်နယ်လွှတ်တော်မှာ အမတ် စုစုပေါင်း ၄၇ ယောက် ရှိနေပါလိမ့်မယ်။ ဖွဲ့စည်းပုံပြင်ဖို့ ပါတီအားလုံး သဘောတူထားတဲ့ မူအရဆိုရင် ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာ အနည်းဆုံး အမတ် ၂၄ ယောက် ထောက်ခံတဲ့သူဟာ ဝန်ကြီးချုပ် ဖြစ်သင့်တယ် ဆိုတာ မငြင်းနိုင်ပါဘူး။ လက်ရှိ ANP က ရထားတာ အမတ် ၂၂ ယောက်ပါ။ တစ်သီးပုဂ္ဂလ တစ်ယောက်ကိုလည်း ထည့်တွက် ထားလေတော့ စုစုပေါင်း ၂၃ ယောက်လို့ ဆိုပါတယ်။ ၂၄ ယောက် ဖြစ်ဖို့ဆို အနည်းဆုံး နောက်ထပ် တစ်ယောက်လိုပါမယ်။ ဒီအခါ ANP က အမတ် တစ်ယောက် ယောက်ကို ဝန်ကြီးချုပ်အဖြစ် တင်ဖို့ အင်န်အယ်လ်ဒီ၊ ဒါမှမဟုတ် ပြည်ခိုင်ဖြိုး၊ ဒါမှမဟုတ် တပ်မ တော်သား အမတ် တစ်ယောက်ယောက်၊ ဒါမှမဟုတ် တစ်ဖွဲ့ဖွဲ့ကို စည်းရုံးဖို့ လိုပါတယ်။ ထောက်ခံခိုင်း ဖို့ လိုပါတယ်။

တကယ်လို့ အင်န်အယ်လ်ဒီ ဟာ သူ့ပါတီဝင် တစ်ယောက်ယောက်ကိုပဲ ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးဖို့ စဉ်းစားထားပြီးသားဆိုရင် ANP ဘက်က ပြည်ခိုင်ဖြိုး ဒါမှမဟုတ် တပ်မတော်သား အစုအဖွဲ့ကို စည်းရုံးဖို့ လိုပါတယ်။ တကယ်လို့ စည်းရုံးလို့ ရပြီဆိုရင် အဲဒီ စည်းရုံးမှု ရလာဒ်ကနေ တဆင့် အင်န်အယ်လ်ဒီ ပါတီကို တောင်းဆိုသင့်ပါတယ်။ အင်န်အယ်လ်ဒီ ပါတီ ဘက်ကလည်း ANP အမတ် တစ်ယောက်ယောက်ကို ဝန်ကြီးချုပ် ခန့်ဖို့ စဉ်းစားသင့်ပါတယ်။

အခု ANP ပါတီက တောင်းဆိုနေတာဟာ ဆန္ဒစောနေတဲ့ပုံ တွေ့ရပါတယ်။ နောက်တစ်ချက် က နှစ်ပါင်း ၅၀ ကျော်အတွင်း အခုမှ ပထမဦးဆုံးအကြိမ် တက်လာမယ့် အစိုးရအဖွဲ့သစ်အပေါ် ဖိအားတွေပေး၊ အကြပ်အတည်းဆိုက်အောင် လုပ်သလို ဖြစ်နေပါတယ်။ တကယ့်တကယ် ဖြစ်သင့် တာက ANP အနေနဲ့ ပထမအဆင့် လွှတ်တော်တွင်း အမတ်အရည်အတွက် ထက်ဝက်ကျော် ထောက်ခံမှုရအောင် ပြည်ခိုင်ဖြိုး၊ တပ်မတော် အစုအဖွဲ့တစ်ခုခုကို အရင်စည်းရုံးရပါမယ်။ ပြီးရင် အင်န်အယ်လ်ဒီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုရပါမယ်။

အင်န်အယ်လ်ဒီ ဘက်က လည်း အဲလို တကယ်ပဲ ANP နဲ့ အစုအဖွဲ့တစ်ခု ပေါင်းပြီး လွှတ်တော်ထဲ အများစု ဖြစ်နေပြီဆိုရင် ဝန်ကြီးချုပ်နေရာ စဉ်းစားပေးရပါမယ်။ ဒါပေမယ့် အခုလက်ရှိ ရခိုင်အမျိုးသား ပါတီ ANP ရဲ့ လုပ်ပုံဟာ ဝန်ကြီးချုပ် နေရာပေးရင်ပေး၊ မပေးရင် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ အားလုံးကို သပိတ်မှောက်မယ်လို့ ဆိုလိုက်တာဟာ ဒီမိုကရေစီ ကျင့်စဉ်အရပဲ ကြည့်ကြည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အရပဲ ကြည့်ကြည့်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အဆင်ပြေ ချောမွေ့ရေး ရှုဒေါင့်ကပဲ ကြည့်ကြည့်၊ ရခိုင်ပြည်နယ် အကျိုးစီးပွား၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဘက်ကပဲ ကြည့်ကြည့် မသင့်တော်ပါကြောင်း၊ ထုတ်ပြန်ကြေငြာချက် ကို ပြန်ပြီး သုံးသပ် သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly