မွမ်ဘိုင်းအကြမ်းဖက်မှုကြိုးကိုင်သူကို လွှတ်ပေးသည့် ပါကစ္စတန်အား ကုလက အရေးယူရေး အတွက် အိန္ဒိယကြိုးပမ်းမှုကို တရုတ်အစိုးရ ဟန့်တား

မွမ်ဘိုင်းအကြမ်းဖက်မှုကြိုးကိုင်သူကို လွှတ်ပေးသည့် ပါကစ္စတန်အား ကုလက အရေးယူရေး အတွက် အိန္ဒိယကြိုးပမ်းမှုကို တရုတ်အစိုးရ ဟန့်တား

နယူးဒေလီ၊ ဇွန် ၂၅ ။        ။ မွမ်ဘိုင်းတိုက်ခိုက်မှုများကို နောက်ကွယ်မှ ကြိုးကိုင်သူဟု စွပ်စွဲခံထားရသူတစ်ဦးကို ထောင်မှ လွှတ်ပေးသည့်အတွက် ပါကစ္စတန်ထံမှ ရှင်းလင်းချက်တစ်ခုရရှိရန် ကုလသမဂ္ဂတွင် အိန္ဒိယ၏ ကြိုးပမ်းမှုကို တရုတ်က ဟန့်တား လိုက်မှုကြောင့် တရုတ်နှင့်အိန္ဒိယဆက်ဆံရေးသည် ဆိုးရွားစွာ ထိခိုက်သွားခဲ့သည်။

မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုကြိုးကိုင်သူ ဇာကီအာရ်ရေမန်လက်ခ်ဗီကို လွှတ်ပေးမှုအတွက် ပါကစ္စတန်ကို အရေးယူရေး စဉ်းစားရန် အိန္ဒိယ၏ တောင်းဆိုမှုကို ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ သည်။ အိန္ဒိယသည် ကုလက ယခုကဲ့သို့အရေးယူရလောက်အောင် လုံလောက်သည့် သတင်းအချက်အလက် မပေးဟု တရုတ် က အကြောင်းပြသည်။

၂၀၀၈ခုနှစ်၊ နိုဝင်ဘာလက အိန္ဒိယ၏ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းတွင် ညိနှိုင်းတိုက်ခိုက်မှု ၁၂ ခုအတွက် ပါကစ္စတန်အခြေစိုက် လက်ခ်ဗီနှင့် ဟာဖစ်ဆာအီးဒ်တို့ကို အိန္ဒိယက အပြစ်တင်ခဲ့သည်။ တိုက်ခိုက်မှုများကြောင့် နိုင်ငံခြားသားများအပါအဝင် လူ ၁၆၄ ဦးသေဆုံးခဲ့သည်။ ဟာဖစ်ဆာအီးဒ်မှာ ဆုကြေးငွေထုတ်ခံထားရသော်လည်း လွတ်မြောက်နေပြီး လက်ခ်ဗီမှာ မပြည့်စုံသည့် တရားခွင်စစ်ဆေးမှုတစ်ခုအပြီး ဧပြီလကအထိ ထောင်ကျနေခဲ့သည်။

ပါကစ္စတန်တရားရုံး၏ ဆုံးဖြတ်ချက်သည် စွပ်စွဲခံမျက်မြင်ထင်ရှား အရာများ၊ လူများကို ကိုင်တွယ်ဖြေရှင်းသော ကုလ၏ ဆုံးဖြတ် ချက်အမှတ် ၁၂၆၇ ကို ချိုးဖောက်သည်ဟု အိန္ဒိယက စောဒကတက်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်က စွပ်စွဲခံရသည်ဟု သတ်မှတ် ထားသောလူပုဂ္ဂိုလ်များသည် ခရီးသွားခွင့် ပိတ်ပင်ခံရခြင်း၊ လက်နက်ပိတ်ဆို့ခြင်းအပြင် ၎င်းတို့၏ ပိုင်ဆိုင်မှုများပင် ထိန်းချုပ်ခံ ရမှုနှင့် ရင်ဆိုင်ရနိုင်သည်။ လက်ခ်ဗီသည် လက်ရှ်ကာအီတေယီဘာအဖွဲ့၏ ထိပ်တန်းခေါင်းဆောင်ဖြစ်သည်။ ၎င်းအဖွဲ့သည် အယ်လ်ခိုင်ဒါနှင့် ဆက်စပ်နေသော အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ကုလက သတ်မှတ်ထားသည်။

ယခင်ကလည်း တရုတ်သည် အိန္ဒိယကထကမလုပ်သော အကြမ်းဖက်တိုက်ဖျက်ရေးအဆိုပြုချက်များကို ကုလတွင် ပိတ်ပင်ခဲ့ဖူး သည်။ တရုတ်၏ ပိတ်ဆို့မှုနှင့် ပတ်သက်၍ အိန္ဒိယက ကျေနပ်မှုမရှိကြောင်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက တရုတ်ခေါင်းဆောင်ပိုင်း သို့ ပြောကြားလိုက်ပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly