ထိုင်းဘုရင်အား ရိုင်းပျသည့် ဖေ့ဘုတ်ရေးသားသူ ထောင်ခြောက်နှစ် ကျ

ထိုင်းဘုရင်အား ရိုင်းပျသည့် ဖေ့ဘုတ်ရေးသားသူ ထောင်ခြောက်နှစ် ကျ

ဘန်ကောက်၊ ဇန်နဝါရီ ၂၀ ။            ။ ထိုင်းနိုင်ငံတွင် ဘုရင်အား ရိုင်းရိုင်းစိုင်းစိုင်း စော်ကားသည် အရေးအသားရေးသားသည်ဟုဆိုကာ ဖေ့ဘုတ်သုံးစွဲသူတစ်ဦးကို ထောင်ဒဏ်ခြောက်နှစ် ချမှတ်လိုက်သဖြင့် အရပ်ဖက်တရားရုံးတစ်ခုအနေဖြင့် ယခုလို ပြစ်မှုမျိုးအတွက် ပြစ်ဒဏ်က ပြင်းထန်လွန်းနေသည်ဟု လူအခွင့်အရေးအဖွဲ့က ပြောဆိုသည်။

ထိုင်းနိုင်ငံသည် ဘုရင်၊ ဘုရင်မ၊ အရိုက်အရာဆက်ခံသူများနှင့် တော်ဝင်အသိုင်းအဝန်းအား အကြည်ညိုပျက်စေအောင် စော်ကားရိုင်းပျခြင်းများအား ဥပဒေဖြင့် ကြပ်မတ်စွာ အပြစ်ပေးသည်။ တော်ဝင်အသိုင်းအဝန်းအား အသေရေဖျက်မှုကို စစ်အစိုးရက တရားစွဲကာ ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်သည်။

စစ်တပ်က အာဏာသိမ်းပြိး ရှစ်လအကြာ ၂၀၁၄ ဒီဇင်ဘာတွင် အသက် ၄၆ နှစ်ရှိ ပီယာဆိုသူအား ဘုရင်အား စော်ကားသည့် ဖေ့ဘုတ်ရေးသားမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် သက်တော် ၈၈ နှစ်ရှိပြီဖြစ်သည့် ဘုရင်ဘူမိဘောအား စော်ကားရိုင်းပျသည့် ဖေ့ဘုတ်ရေးသားမှုများကြောင့် ဘုရင်အသိုင်းအဝန်းအား ကာကွယ်သည့် ဥပဒေအား ချိုးဖောက်မှုနှင့် ကွန်ပြူတာပြစ်မှုအက်ဥပဒေအား ဖောက်ဖျက်မှုတို့ဖြင့် အပြစ်ရှိသည်ဟုဆိုကာ ဒီဇင်ဘာ ၂၀ ရက်တွင် ပီယာအား ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

"ရာဇဝတ်မှုတရားရုံးက ပီယာကို ထောင်ဒဏ်ခြောက်နှစ် ချမှတ်လိုက်တာက အရပ်ဖက်တရားရုံးမှာ အပြင်းထန်ဆုံးပြစ်ဒဏ်ဖြစ်ပါတယ်။"ဟု ထိုင်းလူအခွင့်အရေးအဖွဲ့ iLaw က ထုတ်ပြန်လိုက်သည်။

ထိုင်းဘုရင် ဘူမိဘောသည် ကမ္ဘာ့တွင် သက်တော်အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly