“စစ်ဘုရင် အချင်းချင်း ညှိနှိုင်းနေလို့ ငြိမ်းချမ်းရေး ရလာမှာလား”

“စစ်ဘုရင် အချင်းချင်း ညှိနှိုင်းနေလို့ ငြိမ်းချမ်းရေး ရလာမှာလား”

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ
အဖွဲ့ဝင်တွေနဲ့ အရင်တုန်းက လက်နက်ကိုင် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ နိုင်ဟံသာ ခေါင်းဆောင်တဲ့ NCCT  အဖွဲ့ဝင်တချို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး နိုင်ဟံသာနဲ့ အဖွဲ့ဟာ ဇွန်လ ၂၃ ရက်နေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးမှု အခြေအနေ ဘယ်ကို ရောက်နေပြီလဲ၊ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရော ရှိပါသေးလား၊ ငြိမ်းချမ်းရေး ရေစုန်မျောသွား
နိုင်မလား၊ တိုင်းရင်းသား ပြည်သူ တွေကရော ဘယ်လို ပါဝင်နိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ NCCT အဖွဲ့တို့ဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခုရဖို့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကစ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ အစိုးရဟာ ပြည်တွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ရှိတယ်လို့ အသိအမှတ်ပြုထားပြီး ၁၄ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲပြီး ဖြစ်တယ်လို့ ပြောဆိုလေ့ ရှိပါတယ်။ အဲဒီလို အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ရင်း ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ဆန်းပိုင်းမှာ နှစ်ဘက် ကိုယ်စားလှယ် အဖွဲ့တွေဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် မူကြမ်း တစ်စောင်ကို ရရှိ၊ သမ္မတ ဦးသိန်းစိန် ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီ အပစ်ရပ် စာချုပ် မူကြမ်းကို အတည်ပြုနိုင်ဖို့ ကရင်ပြည်နယ် လော်ခီးလာမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ ထိပ်သီးညီလာခံ တစ်ခု ကျင်းပပါတယ်။ အဲဒီ ညီလာခံကနေ ဆုံးဖြတ်ချက် တချို့ ချခဲ့ပြီး အဲဒီအထဲမှာ အရေးကြီးတဲ့ အချက်(၃) ချက် ပါဝင်ပါတယ်။ ပထမ အချက်က အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေကို NCCT အဖွဲ့အစား၊ အဲဒီအဖွဲ့ဝင်တွေထဲမှာ နောက်ထပ် အဆင့်မြင့် ခေါင်းဆောင်တွေ ထပ်ပြီး ပေါင်းထည့်ထားတဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့သစ်နဲ့ ညှိနှိုင်းဖို့၊ ဒုတိယ ကတော့ NCCT နဲ့ ညှိထားတဲ့ အပစ်ရပ် မူကြမ်းထဲက အချက်(၁၀) ချက်ကျော်ကို ပြင်ဆင်ဖို့၊ တတိယ အချက်ကတော့ အဲဒါတွေ အားလုံး သဘောတူညီချက်ရပြီး အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးတော့မယ် ဆိုရင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးခွင့်ရဖို့၊ အထူးသဖြင့် ကိုးကန့်၊ တအာင်း၊ ရက္ခိုင် AA တပ်ဖွဲ့တွေ လက်မှတ်ထိုးခွင့်ရဖို့ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

လော်ခီးလာ ညီလာခံအပြီးမှာ ညီလာခံ ဆုံးဖြတ်ချက်တွေ အစိုးရဘက် ပေးပို့ခဲ့တယ်လို့ တိုင်းရင်းသား တွေဘက်က
ပြောပါတယ်။ ဒါပေမယ့် အစိုးရဘက်က ဘာမှ အကြောင်းပြန်ကြားတာတော့ မရှိသေးပါဘူး။ ဇွန်လ ၂၂ နိုင်ဟံသာ ဦးဆောင်တဲ့ NCCT  အဖွဲ့ဝင် တချို့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တွေ့ဆုံတာကတော့ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ နောက်ရက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ဟံသာ ရှင်းပြတာက လော်ခီးလာ ညီလာခံက အသစ် ထပ်ဖွဲ့စည်းလိုက်တဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို အစိုးရဘက်က အသိအမှတ် မပြုသေးတဲ့အကြောင်း၊ ညီလာခံက ပြင်ချင်တယ် ဆိုပြီး ပြောတဲ့ အချက်တွေကိုလည်း သဘောတူချင်ပုံ မရဘဲ အရင် လက်မှတ်ထိုးထားပြီးသား အနေအထားပဲ ထားချင်တဲ့အကြောင်း၊ အပစ်ရပ်စာချုပ်မှာ ကိုးကန့်၊ တအာင်း၊ ရက္ခိုင် AA တပ်ဖွဲ့တွေ လက်မှတ်ရေးထိုးခွင့် ရဖို့ကိုလည်း သဘောတူမယ့် အရိပ်အယောင် မတွေ့ရသေးကြောင်း ရှင်းပြခဲ့ပါတယ်။

ဒါဆိုရင် အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ ညှိနှိုင်းမှု လမ်းဆုံးသွားပြီလားလို့ မေးစရာ ရှိပါတယ်။

တကယ်တော့ တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်မှာ အခုလို အခြေအနေမျိုးတွေဟာ ဖြစ်တတ်၊ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေလည်း ရှိပါတယ်။ ပြဿနာ တစ်စုံတစ်ခုဖြစ်လာရင်၊ တွေ့ဆုံဆွေးနွေးရေးလမ်း ပိတ်မလိုလို ဖြစ်သွားရင် ဒီလို ဘာကြောင့်
ဖြစ်ရသလဲ ဆိုတာ နှစ်ဘက် အင်အားစုတွေ ပြန် သုံးသပ်ကြဖို့ လိုပါတယ်။ နှစ်ဘက်စလုံးဟာ တိုင်းရင်းသား ပြည်သူတွေ
ငြိမ်းချမ်းဖို့ တကယ်လိုလားတယ် ဆိုရင် မှန်မှန်ကန်ကန် ပြန်သုံးသပ်နိုင်၊ မှားယွင်းတာ ရှိရင် ပြန် ပြင်ဆင်နိုင်ကြမယ် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို လူကြားကောင်း အောင်၊ နိုင်ငံတကာက အမြင်ကောင်းရုံလောက် လုပ်ပြနေကြရုံနဲ့တော့ ပြေလည်မှု ရနိုင်ကြမှာ မဟုတ်ပါဘူး။

တကယ်တော့ တိုင်းရင်းသား ပြည်သူတွေ ဘဝ အောက်ကျနောက်ကျ ဖြစ်နေရတာဟာ ဒီ ပြည်တွင်း စစ်ကြောင့် ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့်ပဲ ဗမာတွေဘက်မှာ မဟာဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ထွန်းကားခဲ့တာ ဖြစ်သလို၊ တိုင်းရင်းသားတွေဘက်မှာလည်း စစ်ဘုရင်တွေ၊ မူးယစ်ရာဇာ တွေ ပေါ်ပေါက်လာတာ ငြင်းမရပါဘူး။ ဗမာစစ်အာဏာရှင်တွေကရော တိုင်းရင်းသား စစ်ဘုရင်တွေကပါ ဒီ ပြည်တွင်းစစ်ပွဲကိုပဲ အကြောင်းပြပြီး သူတို့ ရှိနေတာ၊ သူတို့တွေ အထူးအခွင့်အရေး ရယူနေရတာ မှန်တဲ့ အကြောင်း အမြဲပဲ သက်သေထူပြနေကြတာ ဖြစ်ပါတယ်။   
ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆိုတာဟာ နှစ်ဘက် စစ်ဘုရင်တွေ စေ့စပ် ညှိနှိုင်းနေကြဆဲ အဆင့်ပဲ ရှိပါသေးတယ်။ နှစ်ဘက် စစ်ဘုရင်တွေဟာ တိုင်းရင်းသား ပြည်သူလူထု အကျိုးစီးပွားထက် သူတို့ ကိုယ်ကျိုးစီးပွား ဦးစားပေးနေကြတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မအောင်မြင်နိုင် ဖြစ်နေရတာလို့ သုံးသပ်နိုင်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်ဖို့ ဆိုရင် ပြည်တွင်းစစ်ကြောင့် တကယ့်ကို လူစင်မမီ ဖြစ်နေရတဲ့၊
အောက်ကျနောက်ကျ ဖြစ်နေရတဲ့၊ အတိဒုက္ခရောက်နေရတဲ့ တိုင်းရင်းသား ပြည်သူတွေ ကိုယ်တိုင် ပါဝင်မှ ရနိုင်တော့မှာ ဖြစ်ပါတယ်။ လောလောဆယ် နှစ်ဘက် စစ်ဘုရင်တွေဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ တိုင်းရင်းသားပြည်သူလူထုကို ပါဝင်ခွင့် မပေးကြပါဘူး။ ဒီအတွက် ပြည်တွင်းငြိမ်းချမ်းရေးမှာ တိုင်းရင်းသား ပြည်သူတွေ ဘယ်အခန်းကဏ္ဍကနေ ဘယ်လို အားကောင်းကောင်းနဲ့ ပါဝင်ကြမလဲ ဆိုတာ စဉ်းစား ဆွေးနွေး အကောင်အထည် ဖော်ကြဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags