မြန်မာ့လက်ရွေးစင်အသင်း နယူးဇီလန်၊ ယူအေအီး လက်ရွေးစင်အသင်းများနှင့် ခြေစမ်းမည်

မြန်မာ့လက်ရွေးစင်အသင်း နယူးဇီလန်၊ ယူအေအီး လက်ရွေးစင်အသင်းများနှင့် ခြေစမ်းမည်
မြန်မာအသင်းနှင့် ခြေစမ်းကစားမည့် နယူးဇီလန်လက်ရွေးစင်အသင်းအား တွေ့ရစဉ် ။

ဇွန် ၂၅၊ ရန်ကုန်။ ။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် နယူးဇီလန်၊ ယူအေအီး လက်ရွေးစင် အသင်းများနှင့် ခြေစမ်းပွဲ ကစားမည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တရားဝင်ဝက်ဆိုဘ်မှ သတင်းထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် နယူးဇီလန်၊ ယူအေအီး ဘောလုံးအဖွဲ့ချုပ်များသို့ ဆက်သွယ်ကမ်းလှမ်းခဲ့ရာ အဆိုပါ အသင်းများက ခြေစမ်းကစားရန် သဘောတူကြောင်း ပြန်လည် အကြောင်းပြန်ခဲ့သည်။

မြန်မာအသင်းသည် လာမည့် သြဂုတ်လ ၂၈ ရက်တွင် ကမ္ဘာ့အဆင့် ၇၃ ရှိသောယူအေအီးအသင်းနှင့် ယူအေအီးနိုင်ငံတွင် သွားရောက်ခြေစမ်းကစားမည် ဖြစ်ပြီး နယူးဇီလန်အသင်းနှင့် ခြေစမ်းပွဲကိုမူ စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ကစားမည် ဖြစ်သည်။ နယူးဇီလန်အသင်းသည် လက်ရှိတွင် ကမ္ဘာ့အဆင့် ၁၃၈ ဖြစ်ပြီး အင်္ဂလန်၊ ပြင်သစ် စသည့် လိဂ်များတွင် ပါဝင်ကစားနေသော ကစားသမားများ၊ ပြည်တွင်းကလပ်အသင်းများမှ ကစားသမားများဖြင့်ဖွဲ့စည်းထားသည်။

“ လက်ရွေးစင်အသင်းအနေနဲ့ ယူအေအီး၊ နယူးဇီလန် စတဲ့အသင်းတွေကို ခြေစမ်းဖို့ သက်ဆိုင်ရာအသင်းတွေကို ကမ်းလှမ်းတော့ သဘောတူကြောင်း စာပြန်လာပါတယ်။ ယူအေအီးအသင်းကတော့ သူတို့ဆီမှာ သွားကစားရမှာ ဖြစ်ပြီး နယူးဇီလန်အသင်းကတော့ ရန်ကုန်မှာပဲ ကစားဖြစ်မှာပါ။ ခရီးစဉ်အတိအကျတော့ မသိရသေးပါဘူး။ လေ့ကျင့်ရေး ကတော့ သြဂုတ်လထဲမှာပဲ ပြန်စမှာပါ။ ကစားသမားအပြောင်းအလဲ ရှိနိုင်ပါတယ် ” ဟု လက်ရွေးစင်အသင်းမီဒီယာတာဝန်ခံ ကိုရဲမင်းဝင်းက ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်တွင် ပွဲစဉ်နှစ်ပွဲ ကစားပြီးချိန်၌ တစ်ပွဲသရေ တစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ် တစ်မှတ်သာ ရရှိထားပြီး လာမည့် စက်တင်ဘာ ၃ ရက်တွင် အုပ်စုတတိယပွဲစဉ်အဖြစ် ကူဝိတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly