တရုတ်က အငြင်းပွားရေပိုင်နက်အတွင်းသို့ ရေနံတူးစင်ကို ကျူးကျော်ချဲ့ထွင်လာသည်ဟု ဗီယက်နမ်ပြော

တရုတ်က အငြင်းပွားရေပိုင်နက်အတွင်းသို့ ရေနံတူးစင်ကို ကျူးကျော်ချဲ့ထွင်လာသည်ဟု ဗီယက်နမ်ပြော

ဟနွိုင်း၊ ဇန်နဝါရီ-၂၀ ။              ။ တရုတ်နိုင်ငံက ရေနံတူးစင်တစ်ခုကို တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားရေပိုင်နက်အတွင်းသို့ ရွှေ့ပြောင်းလာခဲ့သောကြောင့် ပေကျင်းအနေဖြင့် ရေနံ တူးဖော်မှုကို ရပ်တန်းကရပ်ပြီး ရေနံတူးစင်ကိုလည်း ဧရိယာအတွင်းမှ ဖယ်ရှားပေးရန် ဗီယက်နမ်က ပြောကြားခဲ့သည်။

ဗီယက်နမ်တွင် Hai Dunong 981ဟုခေါ်သည့် Haiyang Shiyou ရေနံတူးစင်၏ ရွှေ့ပြောင်းမှုအပေါ် စိုးရိမ်မိကြောင်း ဟနွိုင်းရှိ တရုတ်သံရုံးကို ပြောကြားခဲ့သည်ဟု အင်္ဂါနေ့က ကြေညာချက်တစ်ခုတွင် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လီ ဟိုင်ဘင်းက ပြောကြားခဲ့သည်။

‘တရုတ်နိုင်ငံအနေဖြင့် မည်သည့်ရေနံတူးဖော်မှုမျှ မပြုလုပ်ဘဲ၊ Hai Duong981 ရေနံတူးစင်ကိုလည်း ဧရိယာအတွင်းက ဖယ်ရှားပေးဖို့ ဗီယက်နမ်က တောင်းဆိုပါတယ်။ ဧရိယာအတွင်းက ဥပဒေကြောင်းအခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ဗီယက်နမ်က နိုင်ငံတကာဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်’ဟု လီဟိုင်ဘင်းက ပြောကြားခဲ့သည်။

တရုတ်က အားလုံးနီးပါး သူပိုင်သည်ဟု ပြောဆိုနေသည့် တောင်တရုတ်ပင်လယ်အစိတ်အပိုင်းများကို ထိုင်ဝမ်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ကလည်း ၎င်းတို့ ပိုင်ဆိုင်ကြောင်းပြောဆိုနေကြရာ အပြိုင်ပိုင်ဆိုင်နေသည့် ရေပိုင်နက်များမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ကြယ်ဝသည်ဟုလည်း ယုံကြည်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly