ဗီယက်နမ် လွတ်လပ်ရေးတိုက်ပွဲ၏ သင်္ကေတ ချစ်လှစွာသော အထွတ်အမြတ်လိပ်ကြီး ကွယ်လွန်

ဗီယက်နမ် လွတ်လပ်ရေးတိုက်ပွဲ၏ သင်္ကေတ ချစ်လှစွာသော အထွတ်အမြတ်လိပ်ကြီး ကွယ်လွန်

ဟနွိုင်း၊ ဇန်နဝါရီ-၂၀ ။            ။ ဗီယက်နမ် လွတ်လပ်ရေးတိုက်ပွဲ၏ သင်္ကေတအဖြစ် အထွတ်အမြတ်ထားကြသည့် လိပ်ကြီး ကွယ်လွန်သွားကြောင်း နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည့်အတွက် တစ်နိုင်ငံလုံး ကြိမ်မီးအုံးသလို ဝမ်းနည်းပူဆွေးခဲ့ကြရပြီး လာလတ္တံ့သော ကွန်မြူနစ်ခေါင်းဆောင်ပိုင်း လက်ပြောင်းလက်လွှဲအတွက်လည်း မကောင်းသော အတိတ်နိမိတ်အဖြစ် စိုးရိမ်နေကြသည်ဟု ဆိုသည်။

မျိုးတုံးလုလု အခွံပျော့လိပ်ကြီးမှာ ဗီယက်နမ်နိုင်ငံတွင် အဓိကကျသော ဒဏ္ဍာရီအခန်းကဏ္ဍမှ ပါဝင်နေပြီး အတိတ်အချိန် တလျှောက်လုံးတွင် ရေမျက်နှာပြင်ပေါ်သို့ ကြုံတောင့်ကြုံခဲသာ ပေါ်လာလေ့ရှိသောကြောင့် ပေါ်လာခိုက်နှင့် ကြုံကြိုက်သူများအဖို့ မင်္ဂလာရှိသည်ဟုပင် ယုံကြည်နေကြသည်။

သိပ္ပံပညာရှင်များကမူ ဤလိပ်ကြီးမှာ ယန်ဇီကမ္ဘာလိပ်ကြီးများဟု သိထားကြသည့် သက်ရှိထင်ရှားရှိနေသေးသည့် ၄ကောင်အနက်မှ တစ်ကောင်ဖြစ်သည်ဟု ယုံကြည်နေကြသည်။ နှစ်ကောင်မှာ တရုတ်နိုင်ငံတွင်ရှိနေပြီး ကျန်တစ်ကောင်မှာမူ ဟနွိုင်းမှာ အခြားရေကန်တစ်ခုတွင် နေထိုင်နေသည်ဟု ဆိုသည်။

နိုင်ငံပိုင် Tuoi Tre သတင်းစာ၏ ပြောကြားချက်အရ အင်္ဂါနေ့နှောင်းပိုင်းက ဟနွိုင်းအလယ်ပိုင်း Hoan Kiem ရေကန်တွင် လိပ်ကြီး သေဆုံးနေသည်ကို တွေ့ခဲ့ကြရသည်ဟု ဆိုသည်။

အလေးချိန် ၂၀၀ကီလိုဂရမ် (၄၄၀ပေါင်)ရှိသည့် အဆိုပါလိပ်ကြီးမှာ အသက် ၈၀နှင့် ၁၀၀ကြားတွင် ရှိနေပြီဖြစ်သည်ဟု ဆိုသည်။

လိပ်ကြီးသေဆုံးမှုကို ဗီယက်နမ်ဘာသာ ဘလော့များနှင့် လူမှုမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဝမ်းနည်းပူဆွေးခဲ့ကြပြီး အတော်များများက အာဏာရကွန်မြူနစ်ပါတီ၏ ငါးနှစ်တစ်ကြိမ် ကွန်ဂရက်တွင် အပြောင်းအလဲများအတွက် မကောင်းသည့် အတိတ်နိမိတ်အဖြစ် သတိပေးနေကြသည်။

‘ဒါဟာ ဟနွိုင်းက လူတော်တော်များများအတွက် သတင်းဆိုးတစ်ခုပါ’ဟု Thanh Nien သတင်းစာက ဖော်ပြသည်။

ပါတီကွန်ဂရက်တွင် ဗီယက်နမ် အာဏာပိုင် အုပ်စိုးသူများက ပါတီခေါင်းဆောင်သစ်၊ သမ္မတနှင့် ဝန်ကြီးချုပ်တို့ကို ရွေးချယ်မည်ဖြစ်သည်။

ဤမြင့်မြတ်သော Hoan Kiem လိပ်ကြီးမှာ ၁၅ရာစုနှစ်က တရုတ်ကျူးကျော်သူများကို တိုက်ထုတ်ခဲ့သည့် သူပုန်ခေါင်းဆောင် လီလွိုင်၏ မှော်ဓါးကို ထိန်းသိမ်းစောက်ရှောက်သူအဖြစ် ပုံဖော်ထားသည့် ပုံပြင်ကို ဗီယက်နမ် ကျောင်းသားကလေးငယ်တိုင်း သင်ကြားကြရသည်။

တရားဝင်အားဖြင့် ဘာသာမဲ့နိုင်ငံဖြစ်သော်လည်း ဗီယက်နမ်ပြည်သူအများစုမှာ အယူအစွဲကြီးကြသည်။

‘ဟာတာတာကြီး ခံစားရတယ်။ ကျနော့်သားသမီး မြေးမြစ်တွေဟာ လိပ်ကြီးကို ဒဏ္ဍာရီအနေနဲ့ပဲ သိကြရတော့မယ်’’ဟု အွန်လိုင်းတွင် မှတ်ချက်ပေးသူ ဒေါင် ငုယင်က နာမည်ကျော် VNExpress ဆိုက်တွင် ရေးသားခဲ့သည်။

လိပ်ကြီးသေဆုံးကြောင်း သတင်းများမှာ ပထမဦးစွာ နိုင်ငံပိုင်မီဒီယာတွင် တက်လာခဲ့သော်လည်း နောက်ပိုင်းတွင် ကွန်မြူနစ်အာဏာပိုင်များက ဖိအားပေးသောကြောင့် ပြန်လည် ဖြုတ်ချခဲ့ပုံရသည်ဟု ဆိုသည်။  

ယခုလက်ရှိတွင် လိပ်ကြီး၏ ရုပ်အလောင်းကို ရေကန်အတွင်းရှိ ကျွန်းငယ်လေးတစ်ခုပေါ်မှ ဘုရားကျောင်းတစ်ခုတွင် ထိန်းသိမ်းထားပြီး မည်သို့လုပ်ဆောင်ရမည်ကို အာဏာပိုင်များ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကာ၊ မပုပ်မသိုးအောင် ဆေးရည်စိမ်ထားရန်လည်း ထည့်သွင်းစဉ်းစားလျှက်ရှိသည်ဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly