ပါကစ္စတန်တက္ကသိုလ်တစ်ခုကို သေနတ်သမားတစ်စု ဝင်ရောက်တိုက်ခိုက် သေဆုံးသူ ၂၁ဦးအထိ ရှိလာ

ပါကစ္စတန်တက္ကသိုလ်တစ်ခုကို သေနတ်သမားတစ်စု ဝင်ရောက်တိုက်ခိုက် သေဆုံးသူ ၂၁ဦးအထိ ရှိလာ

ပက်ရှဝါ၊ ဇန်နဝါရီ-၂၀ ။                ။ ပါကစ္စတန် အနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခတွန်းခွာပြည်နယ်အတွင်းရှိ တက္ကသိုလ်တစ်ခုကို သေနတ်သမားတစ်စုက ဝင်ရောက်တိုက်ခိုက်ရာ အနည်းဆုံး လူ ၂၁ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်စဉ်အတွင်း ပေါက်ကွဲမှုနှစ်ခု၏ အသံကိုလည်း ကြားကြရသည်ဟု ဆိုသည်။

အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးသူအရေအတွက်မှာ ၂၁ယောက်အထိ မြင့်တက်လာခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့အကြီးအကဲ ဆာအိ ဝါဇီရာက ပြောကြားသော်လည်း ထိုအရေအတွက်ထဲတွင် စစ်တပ်က သတ်ပစ်ခဲ့သည်ဟု ပြောကြားသူ စစ်သွေးကြွ ၄ယောက် ပါဝင်နေသလားဆိုသည်မှာမူ ကွဲကွဲပြားပြား မသိရပေ။

စစ်ဆင်ရေးမှာ ပြီးဆုံးသွားပြီဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များက ဧရိယာကို ရှင်းလင်းလျှက်ရှိရာ ချာဆက်ဒါရှိ ဘာချာခန်းတက္ကသိုလ် ကျောင်းဝင်းအတွင်း အဆောင်တစ်ခုတွင် ပစ်သတ်ခံရသည့်   ကျောင်းသားအများစုမှာ ယောကျာ်းလေးများဖြစ်သည်ဟု ဆိုသည်။

‘ကျောင်းဝင်းထဲမှာ ပစ်ခတ်မှုတွေ ဆက်ဖြစ်နေသေးတယ်လို့ ရဲက ကျနော့်ကိုပြောတယ်’ဟု ပြည်နယ်မြို့တော် ပက်ရှဝါမှာ မိုင်၃၀အကွာတွင်ရှိသည့် တက္ကသိုလ်မှ ဒုတိယအဓိပတိ ဖာဇယ် ရာဟင်း မာဝပ်က ပြောကြားခဲ့သည်။

‘အခုချက်ချင်းတော့ တိုက်ခိုက်မှုကြောင့် ဘယ်လောက်သေတယ်ဆိုတာ အသေးစိတ်မသိရသေးပါဘူး’ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

တက္ကသိုလ်ကျောင်းအပြင်ဘက်တွင် ရောက်နေသည့် နယ်မြေရဲအရာရှိ အမ်ဂျတ် ခန်းကမူ ကျောင်းဝင်းထဲတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသေးသည်ဟု ပြောကြားသည်။

ဒေသတွင်း ရုပ်သံချဲနယ်များကမူ သေနတ်သမား သုံးယောက်မှာ ဘာချာခန်း တက္ကသိုလ်အတွင်းသို့ ဝင်ရောက်လာပြီး စာသင်ခန်းနှင့် အဆောင်များအတွင်းရှိ ကျောင်းသားနှင့် ဆရာများကို ပစ်ခတ်ခဲ့သည်ဟု ဖော်ပြကြသည်။

ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ကျောင်းသားအများစုနှင့် ရုံးဝန်ထမ်းများမှာ စာသင်ခန်းများထဲတွင် ရှိနေခဲ့ကြသည်ဟု တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သည့် ရှာဘီရာ ခန်းက ပြောကြားခဲ့သည်။

‘ကျနော်တို့ဟာ တက္ကသိုလ်ထဲမှာ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီး ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို ကယ်ဆယ်ဖို့ ကြိုးစားနေပါတယ်’ဟု လက်ထောက် ရဲစစ်ဆေးရေးမှူးချုပ် ဆာအိ ဝါဇီရာက ပြောကြားခဲ့သည်။

မီဒီယာများ၏ အစောပိုင်းသတင်းများအရ စစ်သွေးကြွများက ထူထပ်သော မြူနှင်းများကို အကာအကွယ်ယူ၍ တိုက်ခိုက်ကြသောကြောင့် ဓာတုဗေဒပါမောက္ခတစ်ဦး အသတ်ခံရပြီး လူ ၅၀ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းတွင်မူ ပါကစ္စတန် ရဲတပ်ဖွဲ့က တိုက်ခိုက်သူနှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး ကျောင်းသားအများစုကိုလည်း ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် အခြားတိုက်ခိုက်သူများမှာ တက္ကသိုလ်ကျောင်းအဆောက်အအုံ၏ ဒုတိယနှင့် တတိယထပ်များတွင် ရှိနေသေးပြီး ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ဆိုသည်။

၂၀၁၄ခုနှစ် ဒီဇင်ဘာလက တာလီဘန်လိုလားသူ စစ်သွေးကြွများက ပက်ရှဝါမှ စစ်တပ်ပိုင် ကျောင်းတစ်ကျောင်းကို ဝင်စီးပြီး ကျောင်းသား ၁၃၄ယောက်အပါအဝင် လူပေါင်း ၁၅၀ကို သတ်ဖြတ်မှုအပြီး တစ်နှစ်ကျော်အကြာတွင် ယခုဖြစ်ရပ် ဖြစ်ပွားလာခြင်းပင်ဖြစ်သည်။ ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ဆယ်စုနှစ် တစ်ခုနီးပါး အကြမ်းဖက်တိုက်ခိုက်မှု နွံနစ်နေခဲ့သည့် နိုင်ငံမှာ ထိတ်လန့်တုန်လှုပ် ဒေါသထွက်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly