ပန်းရဲ့လမ်း ဂီတအဖွဲ့ရဲ့ အမျိုးသမီး ပရဟိတတေးသံရှင် သက်လျာဦး

20 January 2016
ပန်းရဲ့လမ်း ဂီတအဖွဲ့ရဲ့ အမျိုးသမီး ပရဟိတတေးသံရှင် သက်လျာဦး

မြန်မာနိုင်ငံမှာ ပရဟိတဂီတအလုပ်နဲ့ ထင်ရှားတဲ့ ဂီတတီးဝိုင်းတစ်ခုရှိပါတယ်။ ဒီတီးဝိုင်းကို ခေါင်းဆောင်သူကတော့ ဂီတပညာရှင် ကိုရဲလွင်ဖြစ်ပါတယ်။ သူဟာ ဒီမိုကရေစီရေး ကြိုးပမ်းသူအဖြစ်နဲ့ အကျဉ်းထောင်ထဲ ရောက်ခဲ့ရသူပါ။ သူ ဦးဆောင်ဖွဲ့စည်းထားတဲ့ အဲဒီ ဂီတအဖွဲ့ကို ပန်းရဲ့လမ်း ဂီတအဖွဲ့လို့ အမည်ပေးထားပါတယ်။

ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ မြန်မာပြည်အနှံ့ ဈေးတွေ၊ ကားဂိတ်တွေအပါဝင် အခြားလူစည်ကားရာနေရာတွေမှာ ဂီတနဲ့ အလှူငွေကောက်ခံပြီး အဲဒီ အလှူခံလို့ရတဲ့ ရံပုံငွေကို စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေ၊ တိုင်းပြည်အကျိုးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပရဟိတအလုပ်လုပ်နေကြသူတွေကို ရံပုံငွေ ဆက်လက်အကူအညီပေးနေတဲ့ ဂီတအဖွဲ့ဖြစ်ပါတယ်။

ဒီ ပန်းရဲ့လမ်း ဂီတအဖွဲ့မှာ ပင်တိုင် အမျိုးသမီး တေးသံရှင်ရယ်လို့ တစ်ဦးတည်းပဲ ရှိပါတယ်။ သူကတော့ သက်လျာဦး ဖြစ်ပါတယ်။ အများအကျိုးဆောင်ရွက်တဲ့ ဝါသနာအရင်းခံကြောင့် သက်လျာဦးဟာ ပန်းရဲ့လမ်းရဲ့ ပင်တိုင်တေးသံရှင်တစ်ဦးဖြစ်လာခဲ့တာပါ။ ဒီကနေ့တော့ အဲဒီ ပန်းရဲ့လမ်း ပင်တိုင်တေးသံရှင် သက်လျာဦးနဲ့တွေ့ဆုံမိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

ပန်းရဲ့လမ်းဆိုတာ ရည်ရွယ်ချက်ကောင်းတွေနဲ့ အတူ လိုအပ်နေတဲ့ နေရာတွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့အတွက် ဂီတနဲ့ လှည့်လည်ဖျော်ဖြေပြီး အလှုခံပေးနေတဲ့  ပါရဟိတ အဖွဲ့ပဲ ဖြစ်ပါတယ်။

သက်လျာဦးကတော့ ပန်းရဲ့ အဖွဲ့ရဲ့ တစ်ဦးတည်းသော ပင်တိုင် အမျိုးသမီး အဆိုရှင်ပါ။ ဒါပေမယ့် သက်လျာဦးက ပန်းရဲ့လမ်း အဖွဲ့ထဲရောက်မှ သီချင်းတွေ စဆို ဖြစ်ခဲ့သူတော့ မဟုတ်ပါဘူး။ သက်လျာဦးဟာ မဇ္ဈိမလှိုင်း တေးဂီတ အဖွဲ့မှ တေးရေး တေးဆို သားထွေးရဲ့ တူမ တော်စပ်သူ ဖြစ်ပြီး ငယ်စဉ်ကတည်းကလည်း ဂီတကို ဝါသနာ ကြီးခဲ့သူပါ။ သူဟာ ပန်းရဲ့လမ်းအဖွဲ့ထဲရောက်ကာမှ သီချင်းတွေစဆိုခဲ့သူမဟုတ်ဘူးဆိုတာနဲ့ ပရဟိတတေးသံရှင်တစ်ဦးရဲ့ မူလအစ ဘဝတစ်စိတ်တစ်ပိုင်းကို သက်လျာဦးက အခုလို ပြောပြပါတယ်။

ကျွန်မ ၇တန်းနှစ်လောက်ကပေါ့ ကျောင်းကပွဲမှာ သီချင်းစဆိုတယ်။ ၂၀၁၂ မှာ အခွေစလုပ်ဖြစ်တယ်။

ဂီတ လှုပ်ရှားမှုတွေ အနေနဲ့ဆိုရင် ဆုံးသက်တိုင် အောင်ဆန်းစိတ်ဓါတ်နှင့် ငြိမ်းချမ်းရေးမြစ်၊ လူငယ်ညီလာခံ၊ စေတမန်ဝသန် ဂီတဖျော်ဖြေပွဲနဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းဆိုတဲ့ တေးအယ်ဘမ်တွေထဲမှာလည်း ပါဝင်သီဆိုခဲ့ပြီး ဖြစ်ပါတယ်။

အမျိုးသမီး အဆိုရှင် တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံ အနှံအပြား မကြောက်မရွံ  သွားရောက် ဖျော်ဖြေ ပေးနိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်တဲ့ ကိစ္စပါ။ သာမန် သီချင်းဆိုရုံတင် မဟုတ်ပဲ မတုန်မလှုပ် တည်ငြိမ်ရင့်ကျက်စွာ အလှုခံပေးဖို့ဆိုတာကလည်း တော်ရုံပရဟိတ ရှိတဲ့သူတွေ မလုပ်နိုင်တဲ့ အရာပါ။

ပရဟိတကတော့ ကောင်းမွန်တဲ့ အလုပ်ပေါ့။ ဘာလို့လဲဆိုတော့ ဒီအလုပ်က အရမ်းလည်း ကုသိုလ်ရတယ်။ လူတိုင်းအတွက်ပေါ့။ လူတိုင်းလည်း လုပ်နိုင်တဲ့ အလုပ် မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် ညီမပြောချင်တာကတော့ ကိုယ်အားတဲ့ အချိန်လေးမှာ ဒီပရဟိတ အလုပ်လေးကို များများလေး လုပ်ကြပါပေါ့။ ကုသိုလ်လေး ရတဲ့ အလုပ်လေးပါပဲ။

တေးသံရှင် သက်လျာဦးဟာ ဂီတအဖွဲ့တွေဝင် ဂီတပရဟိတသမားတစ်ယောက်အဖြစ်နဲ့ ကုသိုလ်ရှင်ဖြစ်သလို  သူကိုယ်တိုင် လွတ်လပ်စွာ တိုက်ရိုက်သွားရောက်လှူဒါန်းပြီး ကုသိုလ်ယူတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကချင်စစ်ဘေးပေါ့။ အဲဒါတော့ ညီမတို့ ကိုယ်တိုင် သွားပြီး လှူတာပဲ။ ညီမတို့ အဖွဲ့တွေနဲ့ အကုန်လုံး ခြင်ထောင်တွေ၊ စောင်တွေ၊ အဝတ်အစားတွေ အထည်ပစ္စည်း စသဖြင့် အကုန်လှူနိုင်ခဲ့ပါတယ်။ ခံစားချက်ကတော့ အရမ်းပီတီဖြစ်တာပေါ့။ ဘာလို့ဆိုတော့ သူတို့မှာ ဘာမှ မရှိဘူး။ ညီမတို့လာတော့ သူတို့ အရမ်းပျော်တယ်။ ဘာလို့ဆိုတော့ သူတို့ကို ကူညီဖို့ ရောက်လာတယ်ပေါ့လေ။ သူတို့စိတ်ထဲမှာ ခံစားရတာ။  သူတို့တကယ်တမ်း သွားကြည့်လိုက်တဲ့ အခါမှာတော့ သူတို့ရဲ့ မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ တွေ့ရတယ်။ အရမ်းလည်း သူတို့စိတ်ထဲမှာ ဝမ်းသာတယ်။ ဝမ်းလည်းနည်းတယ်ပေါ့။ အဲလိုခံစားချက်လေးတွေ တွေ့မြင်ရတယ်။

ပရဟိတလုပ်ငန်းတွေနဲ့ပတ်သက်ပြီး သက်လျာဦးမှာ  ရည်မှန်းချက်တွေ ရှိနေပါသေးတယ်။ သူ့ အိပ်မက်တွေလို့ပဲ ဆိုရမှာပါ။

ညီမအလုပ်ချင်ဆုံး ဆန္ဒလေးကတော့  မိဘမဲ့ကျောင်းတွေမှာ ကလေးလေးတွေ အကုန်လုံး ကို ကိုယ်တိုင်လှူဒါန်းချင်တယ်။ ညီမ ပရဟိတလုပ်တဲ့ ဒီလိုမျိုး သီချင်းဆိုကြေးတွေပေါ့။ သီချင်းဆိုလို့ရတဲ့ ငွေကြေးလေးနဲ့ အဲတာလေးတွေနဲ့ မိဘမဲ့ကျောင်းတွေမှာ လှူချင်တယ်ပေါ့။ အဲလို စိတ်ဆန္ဒလေးတွေ ရှိတယ်။

သက်လျာဦးက သီချင်းဆိုတာ အပြင် စီးပွားရေးအနေနဲ့ဆိုတော့ ညီမ သုံးယောက်ပေါင်းပြီး နဂါးနီဆိုတဲ့ အထည်ဆိုင်ကို ဖွင့်ထားတယ်လို့ ပြောပြပါတယ်။ အခြားအားလပ်တဲ့ အချိန်တွေမှာ ဆိုရင်လည်း သီချင်းတွေနားထောင်ပါတယ်။

ကျွန်မကြိုက်တဲ့ သီချင်းအမျိုးစားတွေကတော့ Pop တွေ RLB လေးတွေ အဲလိုချိုချိုလေးတွ ကြိုက်တယ်။ ကျွန်မ အားလပ်တဲ့ ချိန်တွေမှာ တေလာဆွစ်ရဲ့ Blank  Space  ကိုနားထောင်ဖြစ်တယ်။ တစ်ခါတလေကျရင်လည်း မိသားစုနဲ့ တစ်ရက် အားတဲ့ အချိန်လေးကို တီဗွီတွေ ကြည့်လိုက်တယ်။ သီချင်းနားထောင်ဖြစ်တယ်။

ကျွန်မ တစ်ခါတလေ အားရင်လည်း စာအုပ်တွေ ဖတ်ဖြစ်တယ်။ အခုအားတဲ့ အချိန်လေးမှာတော့ ကဗျာစာအုပ်လေးပေါ့။ ကဗျာတွေ ဖတ်ဖြစ်တယ်။ အလှုခံ ခရီးတွေ မရှိတဲ့ အချိန်မှာ ဆိုရင်တော့ ဂီတအဖွဲ့သားတွေနဲ့ အတူတူ သီချင်းတွေ တိုက်လိုက် သီချင်း အသစ်တွေ ကြိုးစား ဖန်တီးလိုက်ကြနဲ့  ကျွန်မ အမြဲကြိုးစားရပါတယ်။ ပန်းရဲ့လမ်းအဖွဲ့သားတွေနဲ့ ကျွန်မနဲ့ဆိုတာကလည်း တကယ့်ကို မိသားစုဝင်တွေလို ရင်းနီးလေးစားလာခဲ့ရပါတယ်။

သက်လျာဦးဟာ ဒဿနိကဗေဒနဲ့ ဘွဲ့ရထားသူ မိန်းကလေးတစ်ဦးဖြစ်ပြီး အခြား တေးသံရှင်များမတူ ပရဟိတအခြေခံတဲ့ ဂီတလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားနေတဲ့ ထူးခြားတဲ့ အမျိုးသမီးတေးသံတစ်ဦးအဖြစ် နောင်မှာလည်း သည့်ထက် အောင်မြင်ကျော်ကြားတဲ့ တေးသံရှင်ဖြစ်လာဦးမှာမလွဲဘူးလို့ ယူဆရမှာပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly