တရုတ် အူရမ်ကီ ကွန်မြူနစ်ပါတီ အကြီးအကဲဟောင်းကို ခြစားမှုဖြင့် ထောင်ဒဏ်ချမှတ်

တရုတ် အူရမ်ကီ ကွန်မြူနစ်ပါတီ အကြီးအကဲဟောင်းကို ခြစားမှုဖြင့် ထောင်ဒဏ်ချမှတ်

ပေကျင်း၊ ဇန်နဝါရီ-၂၀ ။             ။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း အူရမ်ကီမြို့မှ ကွန်မြူနစ်ပါတီ အကြီးအကဲဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် တရားရုံးတစ်ခုက ထောင် ၁၂နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယန်းကောင်းကို ရှင်ကျန်းမြို့တော် အူရမ်ကီတွင် တာဝန်ကျစဉ်က အခြားသူများအား ရာထူးတက်အောင်၊ ကန်ထရိုက်လုပ်ငန်းများရအောင် ကူညီခြင်းဖြင့် အာဏာအလွဲသုံးစားလုပ်မှုအတွက် ပေကျင်း တရားရုံးတစ်ခုက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

ယန်းက ယွမ်ငွေ ၁၃.၇၉ သန်း (ကန်ဒေါ်လာ ၂.၁သန်း)ကိုလည်း လာဘ်ယူခဲ့ပြီး ထိုငွေများကို ဇနီးနှင့် သားထံမှတစ်ဆင့် စီးဝင်စေခဲ့ခြင်းဖြစ်သည်ဟု ရုံးတော်က ထပ်လောင်းပြောကြားသည်။

ယန်းမှာ ၁၉၉၉ခုနှစ်မှာ ၂၀၀၆ခုနှစ်အထိ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယမန်နှစ်က အဖမ်းဆီးခံခဲ့ရသည်။

ယန်းက သူကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဝန်ခံပြီး စုံစမ်းစစ်ဆေးသူများကို ကူညီခဲ့သည့်အတွက် လျော့ပေါ့သော ပြစ်ဒဏ်သာ အပေးခံရခြင်းဖြစ်သည်ဟု ရုံးတော်က ဖော်ပြခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်တက်လာပြီးကတည်းက ခြစားမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်ခဲ့ရာ လွန်ခဲ့သည့်သုံးနှစ်ကျော်ကာလတွင် လာဘ်စားသည့် တရုတ်အရာရှိ အတော်များများကို   ထောင်ချပစ်ခဲ့သည်။

၂၀၁၅ခုနှစ် ဧပြီလကလည်း ထိပ်တန်းအရာရှိဟောင်း ကျို့ယောင်ကန်းကို လာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှု၊ နိုင်ငံတော် လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုများဖြင့်   ထောင်တစ်သက်   ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ကျို့ယောင်ကန်းမှာ တရုတ်နိုင်ငံ၏ ရေနံကဏ္ဍတွင် အရေးပါသော အခန်းမှ ပါဝင်ခဲ့ပြီး၊ တရုတ်၏ အဓိက အဆုံးအဖြတ်အဖွဲ့ကြီးဖြစ်သည့် ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဖြစ်လာချိန်တွင်မူ အာဏာတန်ခိုး ထွားလာခဲ့သူပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly