ပြည်သူတို့အကျိုး ဦးတည်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်စေရေး

25 June 2015
ပြည်သူတို့အကျိုး ဦးတည်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်စေရေး

လွှတ်တော်ထဲမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သင့် မပြင်ဆင်သင့်၊ ပြင်မယ်ဆိုရင်လည်း ဘယ်ပုဒ်မတွေ ပြင်သင့်၊ မပြင်သင့်၊ ပြီးတော့ ဘာ့ကြောင့် ပြင်သင့်၊ မပြင်သင့် ဆွေးနွေးငြင်းခုန်ကြတာ ကောင်းပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်သူတွေက ရေးဆွဲရသလဲ။ မူလသဘောသဘာဝအရ ဆိုရင်တော့ ဒီတိုင်းသူ ပြည်သားတွေ ကပဲ ရေးဆွဲရတာပါပဲ။

ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေကတစ်ဆင့် ရေးဆွဲကြရတာ ပါပဲ။ ဒီနေရာမှာ စဉ်းစားစရာ ရှိတဲ့အချက်က ပြည်သူတွေ ကိုယ်တိုင်ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မယ့် ဥပဒေတွေ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို အသိအမှတ်ပြုတဲ့၊ ကာကွယ်တဲ့ ဥပဒေတွေ ဖြစ်နေစေမှာလည်း မလွဲပါဘူး။

ဒီလို အခြေခံဥပဒေမျိုးက ကြာရှည်ခံပါတယ်။ တချို့တိုင်းပြည်တွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို နှစ် ၅၀၊ နှစ်တစ်ရာ တိုင်သည့်တိုင် အဓိကကျတဲ့ ဥပဒေတွေကို ပြန်ပြင်ရတယ်ဆိုတာမျိုး မရှိပါဘူး။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ပြည်သူတွေကိုယ်တိုင်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်လေတော့ အဓိကကျတဲ့ ဥပဒေတွေက ရုတ်တရက် ပြန်ပြင်ဖို့ မလိုလောက်အောင်ကိုပဲ ပြည့်စုံမှန်ကန်နေလို့ပါပဲ။

ယခု မိမိတို့တိုင်းပြည် ဖွဲ့စည်းပုံဆိုတာ လွန်ခဲ့တဲ့ ရှစ်နှစ်ကမှ အတည်ပြုရေးဆွဲခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ဒီမှာ လည်း အငြင်းပွားစရာ အတည်ပြုပုံပြုနည်းတွေ၊ အငြင်းပွားစရာ ဥပဒေတွေ တသီတတန်းကြီး ရှိခဲ့ပါတယ်။ အခုတော့ လူသိထင်ရှား ငြင်းခုန်ဆွေးနွေးရတဲ့ အဆင့်ဖြစ်လာပါပြီ။ ပြီးတော့ တကယ့်ကို အရေးကြီးလှတဲ့ မိမိတို့တိုင်းပြည် ပြည်သူ ပြည်သားတွေရဲ့ မူလအခွင့်အရေးဆိုင်ရာနဲ့ပတ်သက်ပြီး အငြင်းပွားနေရတဲ့ ပုဒ်မ ၅၉-(စ)လို ပုဒ်မမျိုးကအစ ငြင်းခုန်ဆွေးနွေးနေကြရတာပါ။

ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မည်မျှအရေးပါတယ်၊ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုလိုက်နာတယ် ဆိုတဲ့ အင်မတန် သင်ခန်းစာ ယူဖို့ကောင်းတဲ့ အဖြစ်အပျက်ကလေးတစ်ခု ရှိပါတယ်။ အမေရိကန်ပြည်ရဲ့ ပြည်နယ်တစ်ခုမှာ အိမ်ခြေ ၆၀ ပဲရှိတဲ့ လူနီလူမျိုးစုရွာကလေး ဘေးက ပြည်ထောင်စု အဝေးပြေးလမ်းမကြီး ဖောက်ဖို့ လုပ်ပါတယ်။

အဲဒီရွာသားတွေ ကိုးကွယ်တဲ့ သစ်ပင်လေးတစ်ပင်က ရွာဘေးက တောင်ကုန်းကလေးပေါ်မှာ ရှိပါတယ်။

ဖောက်မယ့်လမ်းမကြီးက အဲဒီသစ်ပင်လေးပေါ် ကျနေပါတယ်။ ဒီတော့ အဲဒီလူနီရွာကလေးနဲ့ ပြည်ထောင်စုအစိုးရတို့ တရားရုံး တက်ကြရပါတယ်။ တရားရုံးက လူနီရွာကလေးကို အနိုင်ပေးလိုက်ပါတယ်။ အမှုရှုံးသွားတဲ့ ပြည်ထောင်စု အစိုးရက အဲဒီသစ်ပင်လေးကို ကွင်းပြီး ရှောင်ပြီးမှ လမ်းမကြီးကို ဖောက်ကြရပါတယ်။

ဒီနေရာမှာ တရားရုံးက ဘာကို အခြေခံပြီး ဆုံးဖြတ်သလဲ ဆိုတော့ လူတစ်ဦး၊ လူတန်းစား တစ်ခု၊ လူမျိုးတစ်မျိုး၊ လူအများကိုးကွယ်ရာ တစ်ခုခုကို မည်သည့်နည်းနှင့်မျှ မထိခိုက် စေရဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်အရ လူနီရွာကလေးကို အနိုင်ပေးလိုက်တာပါ။ ဒီအဖြစ်အပျက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပါပုံနဲ့ ဒီဥပဒေတွေကို လေးစားလိုက်နာမှု စံနမူနာအဖြစ် ကျော်ကြားခဲ့ ပါတယ်။

ဒီအတွေ့အကြုံအရဆိုရင် ဖွဲ့စည်းပုံ ဥပဒေဆိုတာ ပြည်သူတွေရဲ့အကျိုးကို ကာကွယ်တဲ့ ဥပဒေများသာ ဖြစ်သင့်ပြီး ပြည်သူတွေကို ထိခိုက်စေမယ့် ဥပဒေတွေ မဖြစ်သင့်ပါဘူး။ လူတစ်စုအကျိုး၊ လူတစ်စုလုံခြုံရေးအတွက် အခြေခံသလိုမဖြစ်စေဘဲ ပြည်သူတို့ အကျိုးကို ရည်ရွယ်ရေးဆွဲပြင်ဆင်တဲ့ ဥပဒေ ဖြစ်သင့်ပါတယ်။

ဒါကြောင့်မို့ ဒီကနေ့ မိမိတို့တိုင်းပြည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် လူတွေစိတ်ဝင်စားလာတာ ကောင်းပါတယ်။

ဆွေးနွေးငြင်းခုန်ကြတာ ကောင်းပါတယ်။ မှားယွင်းနေတာတွေကို ဖေါ်ထုတ်ပြုပြင်ကြမယ်ဆိုတာ ကောင်းပါတယ်။ အရေးအကြီးဆုံးကတော့ ပြည်သူတွေကို အကြပ်အတည်း ဖြစ်စေတဲ့ဥပဒေများ မဖြစ်စေဘဲ ပြည်သူတို့အကျိုးကိုသာ ဦးတည်တဲ့၊ ပြည်သူတို့ အခွင့်အရေးများကိုသာ အာမခံတဲ့ ဥပဒေများ ဖြစ်ဖို့သာ အဓိကကျပါကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags