IS ကို တိုက်ခိုက်မှုမြင့်တင်ရန် နိုင်ငံခုနှစ်နိုင်ငံမှ ကာကွယ်ရေးအကြီးအကဲများ ပါရီတွင် ဆွေးနွေး

IS ကို တိုက်ခိုက်မှုမြင့်တင်ရန် နိုင်ငံခုနှစ်နိုင်ငံမှ ကာကွယ်ရေးအကြီးအကဲများ ပါရီတွင် ဆွေးနွေး

ပါရီ၊ ဇန်နဝါရီ ၂၀ ။           ။ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးသူအရေအတွက် တိုးမြင့်ရေးအပါအဝင် အိုင်အက်စ်တို့အား အောင်နိုင်မှုအရှိန်မြင့်တင်ရေးနည်းလမ်းများ ရှာဖွေရေးအတွက် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် အခြားနိုင်ငံလေးခုမှ ကာကွယ်ရေးအကြီးအကဲများသည် ဇန်နဝါရီ ၂၀က ပါရီတွင် တွေ့ဆုံစည်းဝေးခဲ့သည်။

ယခုဆွေးနွေးပွဲက အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တွင် အဓိကကူညီသူများကြား မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခွင့်ရသည့်ပွဲဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာ ကပြောသည်။

ဆွေးနွေးသည့်အခြားလေးနိုင်ငံတွင် ဂျာမနီ၊ အီတလီ၊ သြစတြေးလျနှင့် နယ်သာလန်တို့ပါဝင်သည်။ "လိုအပ်မဲ့ စွမ်းဆောင်ရည်အမျိုးမျိုးနဲ့ စစ်ရေးစွမ်းဆောင်ရည်တွေအပါအဝင် စစ်ဆင်ရေးကို ဘယ်လိုအရှိန်မြင့်နိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့ သူတို့အမြင်ကိုပြောပြဖို့တောင်းဆိုမှာဖြစ်သလို ကျွန်တော့်ရဲ့အမြင်ကိုလည်း ချပြသွားမှာပါ"ဟု ကာတာက ပြောသည်။

ရှေ့လာမည့်လများတွင် အိုင်အက်စ်ထံမှ သိမ်းပိုက်ထားသည့် နယ်မြေများကို ထိန်းချုပ်ရာတွင် ကူညီနိုင်မည့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် လေ့ကျင့်ပေးသူအရေအတွက် တိုးမြင့်နိုင်ဖွယ်ရှိကြောင်းလည်း ကာတာက ခန့်မှန်းပြောကြားခဲ့သည်။

အီရတ်တွင် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုတွင် ပြင်သစ်သည် ပထမဆုံးပူးပေါင်းခဲ့သည့် နိုင်ငံဖြစ်သည်။ နိုဝင်ဘာလက ပါရီကို အိုင်အက်စ်တို့က တိုက်ခိုက်ပြီးနောက်ပိုင်း ပြင်သစ် သမ္မတဖရန်စစ်အော်လွန်းသည် ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ်တို့အပေါ်လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြင့်ခဲ့သည်။ ပြင်သစ်၏ တိုက်ခိုက်မှုက ညွန့်ပေါင်းအဖွဲ့တိုက်ခိုက်မှု၏ ၂၀ ရာခိုင်နှုန်း ထိရှိသည်။

"ဒေသခံတပ်ဖွဲ့တွေက အိုင်အက်စ်တို့ဆီက နယ်မြေပြန်သိမ်းနိုင်မှုနဲ့အတူ စစ်ဆင်ရေးကို အရှိန်မြင့်ဖို့ နောက်ထပ်လေယာဉ်တွေ လွှတ်ရုံတင်မက လေ့ကျင့်ပေးသူတွေ ကိုလည်း စေလွှတ်သွားမှာပါ" ဟု ပြင်သစ်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားသည်။

ယခုဆွေးနွေးပွဲတွင် ဒေသတွင်းရှိ မည်သည့်အာရပ်နိုင်ငံကမျှ ပါဝင်ခဲ့ခြင်းမရှိပေ။ များပြားလှသည့် အာရပ်မဟာမိတ်များမှာ ယီမင်ရှိ ဟူသီစစ်သွေးကြွများအပေါ် ဆော်ဒီဦးဆောင်သော စစ်ဆင်ရေးတွင် ပါဝင်ကာ အလုပ်ရှုပ်နေသည်ဟု အကြီးတန်းအမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly