မြန်မာမှ တရားမဝင် မူးယစ်ဆေးဝါးများ ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးရမိ

မြန်မာမှ တရားမဝင် မူးယစ်ဆေးဝါးများ ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီးရမိ
Photo: Nyunt Win/EPA

ထိုင်းနိုင်ငံတွင် မတ်တာဖက်တမင်းနှင့် ယာဘဆေးတို့အဖြစ် အသိများသည့် မူးယစ်ဆေးဝါးက ဘင်္ဂလားဒေ့ရှ်လူငယ်များကြား ပျံ့နှံ့လျက်ရှိနေရာ ယခုသီတင်းပတ်အတွင်း နှစ်ကြိမ်စီးနင်းမှုတွင် ယာဘဆေးပြား ၂ ဒသမ ၈ သန်းကို ဖမ်းဆီးရမိသည်။

ဖမ်းဆီးမှု၏ တန်ဖိုးပမာဏက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖိုး ရှိသည်။ ထိုင်းနိုင်ငံတွင် ယာဘဟုခေါ်တွင်သော စိတ်ကြွရူးသွပ်ဆေးပြားများကို မတ်တာဖက်တမင်းနှင့် စိတ်ကြွဆေးများဖြင့် ထုတ်လုပ်ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ရဲဌာနက ဒါကာမြို့တွင် ရထားဘူတာရုံတစ်ခုနှင့် စစ်တကောင်းဆိပ်ကမ်းမြို့တို့တွင် ဇန်နဝါရီ ၁၇ ရက်က စီးနင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်မှာ အများပြားဆုံး ယာဘဆေးပြားတွေ ဖမ်းဆီးနိုင်မှုပဲဖြစ်ပါတယ်။ ပတ်သက်တဲ့ တရားခံတွေကိုလည်း ဖမ်းမိထားပါပြီ။ ခေါင်းဆောင်ဖြစ်သူအပါအဝင် မူးယစ်မှောင်ခိုသမား သုံးဦးကို ဖမ်းမိခဲ့ပါတယ်။”ဟု အေအက်ဖ်ပီသို့ ရဲဌာနတာဝန်ရှိသူ မိုဟာမတ်က ပြောသည်။ ယင်းဆေးပြားများမှာ အိမ်နီးချင်းမြန်မာနိုင်ငံမှ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနယ်စပ် တက်နက်ဖ်တောင်ပိုင်းမြို့တွင် မကြာသေးမီက မူးယစ်ဆေးဝါး ထောင်ပေါင်းများစွာကိုလည်း ရဲဌာနက ဖမ်းဆီးနိုင်ခဲ့သည်။

“မြန်မာ-တက်နက်ဖ်နယ်စပ်က အဓိက မူးယစ်မှောင်ခိုလမ်းကြောင်းပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ယာဘဆေးပြားတွေ တင်သွင်းနေရာပါ။ ဒါပေမယ့် ကုန်းလမ်းကြောင်းမှာ တော်တော်များများ အဖမ်းခံရလို့ ပင်လယ်လမ်းကြောင်းကို မူးယစ်မှောင်ခိုသမားတွေ အများဆုံး အသုံးပြုနေကြပါတယ်။”ဟု တက်နက်ဖ်ရဲဌာနအကြီးအကဲ ရာ့ရှ်မန်းခန်းက ပြောသည်။

“ဘင်္ဂလားဒေ့ရှ်က နိုင်ငံတကာက မူးယစ်ကုန်သည်တွေရဲ့ ဈေးကွက်ကြီးတစ်ခုဖြစ်လာနေတဲ့ ဟန်ရှိပါတယ်။”ဟု ခန်းက အေအက်ဖ်ပီသို့ ပြောသည်။

ယခုဖမ်းဆီးမှုသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်းက စစ်တကောင်း အကောက်ခွန်ရုံးတာဝန်ရှိသူများ ကိုကင်းများ အမေရိကန်ဒေါ်လာ ၁၄ သန်းဖိုး သင်္ဘောဖြင့်တင်သွင်းလာခြင်းကို ဖမ်းဆီးရမိနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ စီးဝင်သည့် မူးယစ်လမ်းကြောင်းကို ပိတ်ဆို့ရေး ကျားကုတ်ကျားခဲ ရုန်းကန်နေရကြောင်း၊ နယ်စပ်တစ်လျှောက်မှာ မြစ်ဖြင့် ပိုင်းခြားထားခြင်းဖြစ်သောကြောင့် ကင်းလှည့်ရန် ခက်ခဲကြောင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန တာဝန်ရှိသူများက ပြောသည်။

“ယာဘဆေးပြားဆိုတာ အိပ်ခန်းလောက်ပဲရှိတဲ့ ဓာတ်ခွဲခန်းကနေတောင် ထုတ်လုပ်လို့ရနေတဲ့ မူးယစ်ဆေးဝါးပါ။ အချို့ဓာတ်ခွဲခန်းတွေ ရှိနေရာကို ကျွန်တော်တို့ စုံစမ်းထားတာတွေကို မြန်မာနိုင်ငံဖက်ကို အကြောင်းကြားပါတယ်။ ဒါပေမယ့် သူတို့ဖက်က လိုအပ်တဲ့ လုပ်ဆောင်မှုတွေ လုပ်တာ မတွေ့ရဘူး။” ဟု အမည်မဖော်သူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly