IS အုပ်စုက ဂျီဟတ်တိုက်ခိုက်ရေးသမားများကို လစာတစ်ဝက် လျှော့ချပစ်ခဲ့ဟုဆို

IS အုပ်စုက ဂျီဟတ်တိုက်ခိုက်ရေးသမားများကို လစာတစ်ဝက် လျှော့ချပစ်ခဲ့ဟုဆို

ဝါရှင်တန်၊ ဇန်နဝါရီ - ၂၀ ။              ။ အတွင်းစည်းမှ ပေါက်ကြားလာသည့် စာရွက်စာတန်းများအရ အိုင်အက်စ်အကြမ်းဖက်အဖွဲ့အစည်းက ၎င်း၏ ဂျီဟတ်တိုက်ခိုက်ရေးသမားများ၏ လစာကို တစ်ဝက်အထိ လျှော့ချပစ်ခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ လျှော့ချမှုမှာ မကြာသေးမီက အမေရိကန်ဦးဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့များ၏ အောင်မြင်မှုများကြောင့် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

ကွန်ဂရက် သုတေသနဌာနမှ နောက်ထပ်ရရှိလာသည့် သတင်းအချက်အလက်များအရ အိုင်အက်စ်စစ်သားများမှာ တစ်လလျှင် ဒေါ်လာ ၄၀၀မှ ၁၂၀၀ကြား ဝင်ငွေရရှိကြသည်ဟု CNN Moneyကဏ္ဍမှ ဂျို့စ် ပါဂလီရီက ပြောကြားခဲ့သည်။

ဂျီဟတ်များမှာ ထောက်ပံ့ကြေးအနေဖြင့် ၎င်းတို့၏ ဇနီးများအတွက် ဒေါ်လာ ၅၀နှင့် သားသမီးများအတွက် ၂၅ဒေါ်လာ ရရှိကြသည်ဟု ဆိုသည်။ သို့ရာတွင် အနိမ့်ဆုံးလစာ ဒေါ်လာ ၄၀၀သည်ပင် အီရတ်အစိုးရက ပေးသည်ထက် ပိုများနေသေးသည်ဟု ဆိုသည်။

ထိုစာရွက်စာတန်းများတွင် လစာဖြတ်တောက်လျှော့ချရသည့် အကြောင်းရင်းကိုမူ ဖော်ပြထားခြင်းမရှိဟု ဆိုသည်။ အိုင်အက်စ်အုပ်စု ရင်ဆိုင်နေရသည့် ထူးခြားသည့် အခြေအနေများကြောင့် ဂျီဟတ်အားလုံးကို ပေးနေသည့် လစာကို တစ်ဝက်အထိ လျှော့ချရန် ဆုံးဖြတ်သည်။

မည်သည့် ရာထူးအဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်ဖြစ်စေ ကင်းလွတ်ခွင့်မရှိဟု ဖော်ပြထားပြီး ထိုစာရွက်စာတန်းများကို အိုင်အက်စ် ဘဏ္ဍာရေဝန်ကြီး အဘူ မူဟမ်မတ် မူဟာဂျီရာက လက်မှတ်ရေး ထိုးထားသည်ဟု ဆိုသည်။

တိုက်ခိုက်ရေးသမားများအနေဖြင့် အပတ်စဉ် ထောက်ပံ့မှုများကို ဆက်လက်ရရှိနေဦးမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်ဟု ဆိုသည်။ ထိုစာတန်းများ၏ ပထမပိုင်း တစ်ဝက်လောက်တွင် ဓနဥစ္စာမှာ အရေးမပါကြောင်းကိုရမ်ကျမ်းထွက် အဆိုအမိန့်များကိုကိုးကားဖော်ပြထားသော်လည်း အုပ်စုအနေဖြင့်မည်သို့သောဘဏ္ဍာရေးအခက်အခဲများ ရင်ဆိုင်နေရသည် ဆိုသည်ကိုမူရှင်းရှင်းလင်းလင်း ပြောကြား ထားခြင်းမရှိဟု ဆိုသည်။ သို့ရာတွင် ကျွမ်းကျင်သူများကမူ စစ်ကာလဖိအားက အိုင်အက်စ်၏ အတွင်းနှင့်အပြင် စစ်ဆင်ရေးများကို ထိခိုက်နစ်နာနေစေသည်ဟု ကောက်ချက်ဆွဲကြသည်။

ဥပမာအားဖြင့် အီရတ်အနောက်ပိုင်းနှင့် ဆီးရီးယားအရှေ့ပိုင်းရှိ အိုင်အက်စ်တို့၏ ရေနံကွင်းများနှင့် ကုန်သွယ်လမ်းကြောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် ဒီလိုင်း၂ စစ်ဆင်ရေးဟုခေါ်သည့် အမေရိကန်ခေါင်းဆောင်သည့် ဗုံးကြဲမှုများကြောင့် အုစ်စု၏ ဘဏ္ဍာရေးကို သိသိသာသာ ထိခိုက်သွားစေခဲ့သည်။

အိုင်အက်စ်မှာ ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် လူများထံမှ အခွန်အခများဖြင့် ငွေကြေးအမြောက်အများ ရနေသော်လည်း ၎င်းတို့ဝင်ငွေ၏ ကြီးမားသောအစိတ်အပိုင်းမှာ ရေနံသယံဇာတများမှ ရရှိနေခြင်းပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly