အမျိုးသမီး ဆိုင်ကယ်ကယ်ရီများ အင်ဒိုနီးရှားမြို့တော်တွင် ခေတ်စား

အမျိုးသမီး ဆိုင်ကယ်ကယ်ရီများ အင်ဒိုနီးရှားမြို့တော်တွင် ခေတ်စား

ဂျကာတာ၊ ဇန်နဝါရီ ၁၉ ။           ။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် ခရီးသည် ပို့ဆောင်မှုလုပ်ငန်း၌ အမျိုးသမီးများ ဝန်ဆောင်မှုပေးခြင်းက ပိုမိုကြီးထွားလာပြီး လုံခြုံစိတ်ချရမှုနှင့် ဘတ်စ်ကားများနှင့် ရထားများကို စီးနင်းခြင်းထက် အဆင်ပြေသက်သာမှုများကြောင့် မြို့တော် ဂျကာတာရှိ ဆယ်သန်းသော ပြည်သူများကြားတွင် ရေပန်းစားလျက်ရှိသည်။

မွတ်စလင်နိုင်ငံတွင် အမျိုးသမီးများ ဆိုင်ကယ်ကယ်ရီ ပြေးဆွဲပေးသည့် Ladyjek and Sister Ojek လုပ်ငန်းက လွန်ခဲ့သည့် လေးလခန့်မှ စတင်တွင်ကျယ်လာခြင်းဖြစ်ပြီး ယခုတွင် လူကြိုက်များပြားသည့် ဝန်ဆောင်မှုတစ်ရပ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

"ကားငယ်လေးတွေနဲ့ ခရီးသည်တွေကို ဝန်ဆောင်ပေးတဲ့ တစ်ခြားခရီးသည်အတင်အပို့လုပ်ငန်းတွေက ယောက်ကျားတွေချည်းပဲမို့ ဒီနယ်ပယ်မှာ ဝင်တိုးရတာ မသက်သာပါဘူး။ ဒါပေမယ့် Ladyjek လုပ်ငန်းမှာကတော့ အမျိုးသမီးများနဲ့ပဲ ဝန်ဆောင်မှုပေးနေတာမို့ ကျွန်မဒီလုပ်ငန်းထဲ ဝင်လုပ်ရတာ လုံလုံခြုံခြုံရှိပါတယ်။"ဟု Ladyjek သို့ ဝင်ရောက်လာသည့် အမျိုးသမီး ဆိုင်ကယ် ကယ်ရီသမားတစ်ဦး က ရိုက်တာသို့ ပြောသည်။

အောက်တိုဘာလမှ စတင်ပြီး Ladyjek ဝန်ဆောင်မှုလုပ်ငန်း စတင်ခဲ့ခြင်းဖြစ်ကာ မိုဘိုင်းဖုန်းများတွင် Ladyjek ၏ အက်ပရီကေးရှင်းကို ဒေါင်းလုဒ်ဆွဲမှုပေါင်း ၅၀၀၀၀ ကျော်ထက် မနည်းရှိခဲ့သည်။   နေ့စဉ်နေ့တိုင်းပင် ပြည်သူရာနှင့်ချီ၍လည်း အမျိုးသမီးဆိုင်ကယ်ကယ်ရီများကို စီးနင်းအသုံးပြုနေပြီဖြစ်ကြောင်း Ladyjek တည်ထောင်သူ ဘရိန်းမူယာဒီက ပြောခဲ့သည်။

လက်ရှိတွင် Ladyjek ဝန်ဆောင်မှုကုမ္ပဏီတွင် အမျိုးသမီးဆိုင်ကယ်ကယ်ရီမောင်းသမား ၂၄၀၀ ဝန်းကျင်ရှိနေပြီး ကယ်ရီသမားအများစုမှာ အိမ်ထောင်ရှင်များနှင့် ကျောင်းသူများဖြစ်ပြီး နောက်ပိုင်းတွင် လုပ်ငန်းကို မြို့တော်အပြင်ဖက်အထိ တိုးချဲ့သွားနိုင်မည်ဟုလည်း မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly