လိဂ်ပွဲစဉ် ၂ အပြီးတွင် လက်ရှိချန်ပီယံ ရန်ကုန်နှင့် ရှံုးထွက်ချန်ပီယံ ဧရာဝတီတို့ နှစ်ပွဲဆက်ရှုံး

လိဂ်ပွဲစဉ် ၂ အပြီးတွင် လက်ရှိချန်ပီယံ ရန်ကုန်နှင့် ရှံုးထွက်ချန်ပီယံ ဧရာဝတီတို့ နှစ်ပွဲဆက်ရှုံး
ဟံသာဝတီအား ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီး၌ ရန်ကုန်ယူနိုက်တက်ကစားသမားအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဇန်နဝါရီ ၁၉၊ ရန်ကုန်။            ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၂ ပွဲစဉ်များ အပြီးတွင် လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ဟံသာဝတီအသင်းကို ရှုံးနိမ့်ကာ လိဂ်နှစ်ပွဲဆက် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် အဆိုပါပွဲတွင် ဂိုးကန်သွင်းခွင့် အမြောက်အမြား ရခဲ့သော်လည်း တိုက်စစ်မှူး အက်ဒီဆင် ဂိုးသွင်းခွင့်များ ဖြုန်းတီးခဲ့သည့်အတွက် ပွဲအပြီးတွင် ဟံသာဝတီအသင်းအား ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။

ရန်ကုန်အသင်းသည် ယင်းပွဲအရှုံးကြောင့် လက်ရှိတွင် ရမှတ် တစ်မှတ်မှ ရရှိခြင်း မရှိသေးပဲ အမှတ်ပေးဇယား အဆင့် ၁၁ နေရာသို့ ဆင်းခဲ့ရသည်။ ဟံသာဝတီအသင်းမှာမူ ယင်းပွဲအနိုင်ကြောင့်   နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ် လေးမှတ်ဖြင့် လိဂ်အမှတ်ပေးဇယား အဆင့် ငါးနေရာသို့ တက်ရောက်နိုင်ခဲ့သည်။

ရှုံးထွက်ဖလားချန်ပီယံ ဧရာဝတီယူနိုက်တက်အသင်းသည်လည်း အောင်ဆန်းကွင်း၌ မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၂-၃ ဖြင့် ရှုံးနိမ့်ခဲ့၍ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။ မကွေးအသင်းသည် ဧရာဝတီအသင်းအား အနိုင်ရရှိခဲ့သောကြောင့် လိဂ်အဖွင့်ပွဲစဉ် နှစ်ပွဲဆက် အနိုင်ရကာ လိဂ်အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရမှတ် ခြောက်မှတ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။

အခြားပွဲစဉ်များတွင် ရှမ်းယူနိုက်တက်အသင်းက ဆောက်သမ်းမြန်မာအသင်းကို ငါးဂိုးပြတ်ဖြင့် ခြေစွမ်းပြအနိုင်ယူကာ လက်ရှိရာသီ ပထမဦးဆုံးနိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ရတနာပုံအသင်းမှာမူ ချင်းယူနိုက်တက်အသင်းအား ဂိုးမရှိသရေကျခဲ့ပြီး ဇေယျာရွှေမြေအသင်းမှာလည်း အိမ်ကွင်းမုံရွာကွင်း၌ ရခိုင်အသင်းအား တစ်ဂိုးစီသရေကျခဲ့သည်။ ကျန်ပွဲစဉ်များတွင် ဇွဲကပင်အသင်းသည် တန်းတက် Horizon အသင်းကို ၁-၃ ဖြင့် ရှုံးနိမ့်ကာ အမှတ်ပေးဇယား အဆင့် ၈ နေရာသို့ ကျဆင်းခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၂ ပွဲစဉ်များ အားလုံးပြီးဆုံးချိန်၌ မကွေးအသင်းက ရမှတ် ခြောက်မှတ်ဖြင့် ပထမ၊ ရှမ်းယူနိုက်တက်အသင်းက ရမှတ် လေးမှတ် ဂိုးကွာခြားချက်အသာဖြင့် ဒုတိယ၊ ရခိုင်အသင်းက ရမှတ်လေးမှတ်ဖြင့် တတိယ နေရာ တို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly