သမ္မတ ဦးသိန်းစိန် မွန်ဂိုလီးယားသို့ မကြာမီ သွားမည်

သမ္မတ ဦးသိန်းစိန် မွန်ဂိုလီးယားသို့ မကြာမီ သွားမည်
၂၀၁၃ ခု နိုဝင်ဘာ ခရီးစဉ်အတွင်း နှစ်နိုင်ငံ သံတမန် ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးနေစဉ် - (Credit president.mn)

သမ္မတ ဦးသိန်းစိန်သည် ဇွန်လ ၂၈ မှ စတင်၍ မွန်ဂိုလီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီး သွားရောက်မည် ဖြစ်သည်။

ဇွန် ၃၀ ရက်နေ့အထိကြာမည့် ယင်းခရီးစဉ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၅၉ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတော် အကြီးအကဲအဆင့် ခရီးစဉ် ဖြစ်သည်။

နှစ်နိုင်ငံ သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး မွန်ဂိုလီးယား ပါလီမန် ဥက္ကဌ၊ ဝန်ကြီးချုပ်တို့နှင့်လည်း တွေ့ဆုံရန် ရှိသည်။

တွေ့ဆုံဆွေးနွေးမှုများ၌ နှစ်နိုင်ငံအကြား သတ္တုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတို့အပြင် ဒီမိုကရေစီအရေး၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ အရေးများလည်း ပါဝင်မည်။

နှစ်နိုင်ငံအကြား စာချုပ်များလည်း ချုပ်ဆိုသွားရန်ရှိသည်ဟု သိရသည်။

၂၀၁၃ ခု နိုဝင်ဘာ ၁၈-၂၀ ရက်က မွန်ဂိုလီးယား သမ္မတ Tsakhia ELBEGDORJ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သေးသည်။

ယင်းခရီးစဉ်အတွင်း နှစ်ဖက် အစိုးရနှင့် သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ဗီဇာကင်းလွတ်ခွင့်အတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် မွန်ဂိုလီးယား သမ္မတသည် လွတ်တော် ဥက္ကဌများဖြစ်ကြသည့် သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့သာမက NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးဝင်းအောင်နှင့် ဆွေးနွေးခဲ့သည်။

၂၀၁၅ ခု မေလအတွင်း၌မူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မွန်ဂိုရီးယားနိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ခေါ်ချက်အရ မွန်ဂိုရီးယားသို့ သွားရောက်လည်ပတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly