ငါးဖမ်းလုပ်ငန်း အကဲဖြတ်ရန် ထိုင်းသို့ အီးယူအဖွဲ့လာရောက်

ငါးဖမ်းလုပ်ငန်း အကဲဖြတ်ရန် ထိုင်းသို့ အီးယူအဖွဲ့လာရောက်

ဘန်ကောက်၊ ဇန်နဝါရီ ၁၉ ။              ။ စည်းမျဉ်းဥပဒေနှင့် မညီသော တရားမဝင်ငါးဖမ်းလုပ်ငန်းအား ထိုင်းက တိုက်ဖျက်ရာတွင် တိုးတက်မှုကို အကဲဖြတ်ရန်အတွက် အီးယူကိုယ်စားလှယ် အဖွဲ့ထိုင်း သို့ရောက်ရှိလာသော်လည်း ထိုင်း၏ ပင်လယ်စာထုတ်ကုန်များကို ပိတ်ပင်ရန် ရှိမရှိကို ယခုသီတင်းပတ်တွင် ဆုံးဖြတ်ချက်ချမည်မဟုတ်ကြောင်း ထိုင်းအစိုးရက ဇန်နဝါရီ ၁၉တွင် ပြောသည်။

ကမ္ဘာ့တတိယအကြီးဆုံး ပင်လယ်စာတင်ပို့သူ ထိုင်းနိုင်ငံသည် ၎င်း၏ငါးဖမ်းလုပ်ငန်းရှိ ပြသနာများကို နှိမ်နင်းရန်ပျက်ကွက်သည့်အတွက် ဧပြီလက အီးယူက (အဝါကတ်ပြ) သတိပေးခဲ့ပြီးနောက် ပင်လယ်စာများ ပိတ်ပင်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

တိုးတက်မှုကို အကဲဖြတ်မည့် အီးယူတွေ့ဆုံဆွေးနွေးရေးမစ်ရှင်ကို ဇန်နဝါရီ ၂၁မှ ၂၂ရက်အထိပြုလုပ်ရန် စီစဉ်ထားသည်။ သို့သော်လည်း နည်းပညာအဖွဲ့တစ်ဖွဲ့မှာ ရောက်ရှိနေပြီဟု အစိုးရကပြော သည်။

တရားမဝင်ငါးဖမ်းမှုကို တိုက်ဖျက်ရန် လွန်ခဲ့သည့်နှစ်က စင်တာတစ်ခုကို ထိုင်းကတည်ထောင်ပြီးနောက် ထိုင်း၏တိုးတက်မှုကို ယင်းအဖွဲ့က စောင့်ကြည့် စစ်ဆေးမည်ဟု တော်ဝင် ထိုင်းရေတပ်မှ ပြောခွင့် ရအမျိုးသားတစ်ဦးဖြစ်သူ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ဂျမ်ပိုလ်လမ်ပီဂါနွန်က ပြောသည်။ "စစ်ဆေးလို့ သူတို့ကျေနပ်မှုရှိပြီဆိုတာနဲ့ ပြန်ပြီး ဆုံးဖြတ်ချက်ချမှာပါ"ဟု ၎င်းကပြောသည်။

သို့သော်လည်း ဆုံးဖြတ်ချက်ချရန်အတွက် အချိန်ကန့်သတ်ချက်ချမထားရသေးကြောင်းလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။ နည်းပညာအဖွဲ့သည် ကျန်အီးယူအရာရှိများ ရောက်လာမည့် ဇန်နဝါရီ ၂၀မတိုင်မီအထိ ကျပန်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ငါးဖမ်းသင်္ဘော အများစုကို မှတ်ပုံတင်ခြင်း၊ ငါးဖမ်းလုပ်ငန်းတွင် လူကုန်ကူးသည်ဟု သံသယရှိသည့် အဖွဲ့များကို ဖမ်းဆီးပြီးနောက် အီးယူကချမှတ်ပေးသည့် လုပ်ငန်း၏ ၇၀ ရာခိုင်နှုန်းကို ပြီးစီးအောင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း လွန်ခဲ့သည့် သီတင်းပတ်က အစိုးရက ပြောကြားခဲ့သည်။

အီးယူက မပိတ်ပင်ရန် ထိုင်းသည် ဥပဒေသစ်များ ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်ဟု ဒု-ဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝန်က ပြောသည်။" ဥပဒေနဲ့ သူရဲ့ကျင့်သုံးမှုနဲ့ပတ်သက်တဲ့ ပြသနာအများအပြားကို ကျွန်တော်တို့ ဖြေရှင်းပြီးဖြစ်လို့ ကြီးမားတဲ့တိုးတက်မှုတွေရှိနေပါပြီ "ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly