ဂိုးသမားမစ်ဂ်နိုလက် လီဗာပူးလ်အသင်းနှင့် ငါးနှစ်စာချုပ်သစ်ချုပ်

ဂိုးသမားမစ်ဂ်နိုလက် လီဗာပူးလ်အသင်းနှင့် ငါးနှစ်စာချုပ်သစ်ချုပ်

ဇန်နဝါရီ ၁၉၊ လီဗာပူးလ် ။            ။ လီဗာပူးလ်ဂိုးသမား မစ်ဂ်နိုလက်သည် အသင်းတွင် ၂၀၂၀-၂၁ ဘောလုံးရာသီ အထိဆက်ရှိစေမည့် ငါးနှစ်စာချုပ်သစ်တစ်ရပ်ကို လက်မှတ် ထိုးလိုက်သည်။

အသက် ၂၇ နှစ်ရှိ ဂိုးသမားသည် ၂၀၁၃ တွင်ဆန်းဒါးလန်းမှ ပေါင် ၉ သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် ၁၂၂ ပွဲ ကစားထားသည်။

ယင်းဘယ်လ်ဂျီယံဂိုးသမားသည် ၂၀၁၅ ခုနှစ်အတွင်း ၁၅ ပွဲဂိုးမပေးရအောင်ကစားထားရာ အခြားသောပရီးမီးယားလိဂ်ဂိုးသမားများထက် သာလွန်သောအရေအတွက်လည်း ဖြစ်သည်။

အာဆင်နယ်နှင့် သုံးဂိုးစီသရေကျသောပွဲတွင် ထင်ရှားသိသာသောအမှားများကျူးလွန်ခဲ့သော်လည်း နည်းပြဂျာဂင်ကလော့ပ်၏ ထောက်ခံမှုကိုရထားသည်။

အရန်ဂိုးသမားဖြစ်သူ ဘော့ဒန်သည်လည်း ဝက်ဖို့ဒ်ကို ၃-၀ ဖြင့်ရှုံးသည့်ပွဲနှင့် အက်ဖ်အေဖလားတွင် အက်စတာနှင့် ၂-၂ သရေကျသည့် ပွဲ၌ အမှားများခဲ့ရာ နည်းပြကလော့ပ်သည် အဘာဒင်းသို့အငှား ချထားသည့် အသက် ၂၂ နှစ်အရွယ်ဂိုးသမား ဒန်နီဝက်ဒ်ကို ပြန်ခေါ်ထားရသည်။

ယခုနှစ်ဘောလုံးရာသီတွင် ခုနစ်ပွဲဂိုးမပေးရအောင်ကစားထားသည့် မစ်ဂ်နိုလက်က "စာချုပ်သစ်ချုပ်လိုက်လို့ တာဝန်သစ်တွေပိုလာတော့ မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်အသက်ကြီး လာပြီဖြစ်ပြီး လူတွေပြောပြောနေတဲ့ ဂိုးသမားတစ်ယောက်အတွက် အကောင်းဆုံး အချိန်ဆိုတာထဲကို ရောက်လာပါပြီ။

ဂိုးနည်းပြအဖွဲ့တွေရဲ့သွန်သင်မှုနဲ့အကောင်းဆုံးကြိုးစားသွားမှာပါ။ သူတို့က ကျွန်တော့်ကိုထောက်ခံကြပြီး စာချုပ်သစ်ချုပ်ဖို့လည်း ယုံကြည်ပေးခဲ့ကြတယ်။ သူတို့ကိုအပြောနဲ့တင် ကျေးဇူးတင်ယုံမက ကွင်းထဲမှာလည်း အလုပ်နဲ့ပြန်ပေးဆပ်သွားမှာပါ"ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly