တရုတ်စီးပွားရေးတိုးတက်မှု ၂၅ နှစ်အတွင်း အနှေးကွေးဆုံးအဆင့်သို့ ရောက်ရှိ

တရုတ်စီးပွားရေးတိုးတက်မှု ၂၅ နှစ်အတွင်း အနှေးကွေးဆုံးအဆင့်သို့ ရောက်ရှိ

ပေကျင်း၊ ဇန်နဝါရီ ၁၉ ။           ။ ၂၀၁၅တွင် တရုတ်၏ စီးပွားရေးတိုးတက်မှုမှာ ၆ ဒသမ ၉ ရာခိုင်နှုန်းသာရှိပြီး အစောပိုင်းတစ်နှစ်က ၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာ ယင်းသို့ဖြစ်ခြင်းက ၂၅နှစ်အတွင်း အနှေးကွေးဆုံးဖြစ်သည့်လက္ခဏာဖြစ်သည်။

ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးအတွက် ပေကျင်း၏ တရားဝင်တိုးတက်မှုရည်မှန်းချက်မှာလည်း ၇ ရာခိုင်နှုန်းခန့်သာဖြစ်သည်။

လုံလောက်သည့် အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်သရွေ့ ပိုမိုနှေးကွေးသော တိုးတက်နှုန်းကို လက်ခံနိုင်မည်ဟု ဝန်ကြီးချုပ် လီကယ်ချန်းက ပြောသည်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို မောင်းနှင် သူတစ်ဦးအဖြစ် ရှုမြင်ခံရသော တရုတ်၏ တိုးတက်မှုအခြေအနေက ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြုပ်နှံသူများအတွက် အဓိကစိုးရိမ်စရာဖြစ်သည်။

တရုတ်၏ စီးပွားရေးတိုးတက်မှုမှာ တရားဝင်အချက်အလက်များက ပြထားသည်ထက် လက်တွေ့တွင် များစွာအားနည်းနေသည်ဟု လေ့လာသူအချို့က ပြောသည်။

၆ဒသမ၈ရာခိုင်နှုန်းအောက်ရှိသော မည်သည့်တိုးတက်နှုန်းမဆို နောက်ထပ်စီးပွားရေးလှုံ့ဆော်မှုပြုလုပ်ရေးတောင်းဆိုချက်များကို မီးထိုးပေးနိုင်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

၂၀၁၅ခုနှစ်၏ နောက်ဆုံးသုံးလပတ်တွင် စီးပွားရေးတိုးတက်မှုမှာ ၆ ဒသမ ၈ သို့ရောက်ရှိခဲ့သည်ဟု နိုင်ငံ၏ အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်ထားသည်။

ဆယ်စုနှစ် တစ်နှစ်ကြာ လျင်မြန်သည့် စီးပွားရေးတိုးတက်မှုတွေ့ကြုံခဲ့သည့် တရုတ်၏ စီးပွားရေးမှာ လွန်ခဲ့သည့် နှစ်နှစ်တွင် အထိနာသည့် နှေးကွေးမှုနှင့် တွေ့ကြုံနေသည်။

ယင်းသို့သောအခြေအနေများကြောင့် ဗဟိုအစိုးရသည် ပြည်ပတင်ပို့ကုန်နှင့် ရင်းနှီးမြုပ်နှံမှုက မောင်းနှင်သော စီးပွားရေးထက် စားသုံးမှုနှင့် ဝန်ဆောင်မှုက ဦးဆောင်သော စီးပွားရေးဘက်သို့ ဦးလှည့်ခဲ့သည်။ သို့သော်လည်း ယင်းသို့ အကူးအပြောင်းကို စီမံခန့်ခွဲရေးမှာလည်း စိန်ခေါ်မှုများနှင့် ကြုံတွေ့နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly