ပုသိမ်ကြီးမြို့နယ်တွင် လယ်လုပ်သားရှားမှုကြောင့် စပါးစိုက်ရန်အခက်ကြံု

ပုသိမ်ကြီးမြို့နယ်တွင် လယ်လုပ်သားရှားမှုကြောင့် စပါးစိုက်ရန်အခက်ကြံု
ဓာတ်ပုံ - အောင်ကိုဦး

မန္တလေး၊ ဇန်နဝါရီ ၁၉ ။             ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လယ်ပိုင်ရှင်တောင်သူများမှာ လယ်ယာလုပ်သားများ ရှားပါးလာခြင်းကြောင့် စပါးစိုက်ပျိုးရန်အတွက် အခက်အခဲများတွေ့နေရသည်ဟု ဒေသခံတောင်သူများ ကဆိုသည်။

တောင်သူမျိုးဆက်သစ်အများစုသည် မြို့ပေါ်သို့တက်၍ ဖုန်းပြင်သင်တန်း၊ အီလက်ထရောနစ်သင်တန်း၊ ရွှေပန်းတိမ်၊ဝပ်ရှော့များနှင့်တစ်ချို့မှာ ပန်းရံနေ့စားအဖြစ်လုပ်ကိုင်နေကြခြင်းကြောင့် လယ်ယာလုပ်သားရှားပါးလာခြင်းဖြစ်သည်ဟု ကျွဲရေကုန်းကျေးရွာမှ လယ် ၁၃ဧကပိုင်သည့် အသက် ၆၈ နှစ်အရွယ်ရှိ ဦးထွန်းဖေ ကပြောသည်။

"အခုဖြစ်နေတာက လုပ်မယ့်သူမရှိတာပဲ။ငွေပေးနိုင်ရင်ကို လုပ်မယ့်သူမရှိဘူး။ကလေးတွေက တခြားအလုပ်ကိုပဲစိတ်ဝင်စား နေကြတယ်။မိရိုးဖလာအလုပ်ကို လှည့်မကြည့်ကြတာများတယ်။ လက်ရှိကတော့ ရှိတဲ့လုပ်မယ့်သူလောက်နဲ့ပဲ ရအောင်စိုက်နေရတယ်။"ဟု ကျွဲရေကုန်းကျေးရွာမှ လယ် ၁၃ဧကပိုင် အသက် ၆၈ နှစ်အရွယ်ရှိ ဦးထွန်းဖေ ကပြောသည်။

လယ်ယာလုပ်သားရှားပါးလာခြင်းကြောင့် မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန် စသည့်မြို့နယ်များရှိ လယ်ယာလုပ်သားများကို ဌားရမ်းစိုက်ပျိုးနေရခြင်းကြောင့် စိုက်ပျိုးစရိတ်များလည်း ပိုမိုကုန်ကျမှုများ လာကြောင်းဒေသခံများကဆိုသည်။

ဆင်ရွာကြီးကျေးရွာမှလယ် ၆ ဧက ပိုင်ဆိုင်သည့်အသက်၆၀အရွယ် ဒေါ်ဂွက်ထော်က "ခေတ်က စကားပြောတာပဲ။ ဗွက်ထဲကိုမဆင်းချင်ကြတော့ဘူး။အပင်ပန်းမခံချင်ကြတော့ဘူး။မြို့ပေါ်တက်လုပ်ရင် တစ်ရက် သုံးထောင်လေးထောင်ရနေတော့ လယ်စိုက်တဲ့ဘက်ကိုလှည့်မကြည့်ကြဘူး။လုပ်မယ့်သူကို နယ်ရွာတွေဘက်တက်ရှာနေရတယ်။အဲဒီလိုလူရှားလာတော့ လယ်ရောင်းတာတွေဖြစ်လာတယ်။"ဟုပြောသည်။

လယ်တစ်ဧကတွင် ကောက်စိုက်သူ ၁၀ဦးမှ ၁၂ ဦးအထိ ဌားရမ်းလုပ်ကိုင်နေရပြီးတစ်ရက်ကို ၃၀၀၀ကျပ်မှ၃၅၀၀ကျပ်အထိ ပေးရသည့်အပြင် ထမင်းပါကြွေးရေကြောင်း ဒေသခံများကဆိုသည်။

"ဟိုတုန်းကတော့ သူ့လယ်ကိုယ်ကူစိုက်၊ကိုယ်လယ်သူကူစိုက်ဒီလိုပဲလုက်လာကြတာပါ။အခုဟာကတော့ ဌားဖို့ကိုခက်လာတယ်။"ဟု ပဲလှော်ဖိုကျေးရွာမှ မဌေးဌေး ကပြောသည်

လယ်ယာလုပ်သားရှားပါမှုသည် ၂၀၁၂ ခုနှစ်မှစတင်ဖြစ်ခဲ့ပြီး ၂၀၁၄ခုနှစ်နောက်ပိုင်းတွင် သိသိသာသာ လုပ်သားရှားပါးခဲ့သည်ဟု ဒေသခံများကဆိုသည်။

လက်ရှိတွင် မနောသုခစပါးမျိုးကိုစိုက်ပျိုးလျှက်ရှိပြီး တပေါင်းလပြည့်ကျော်တွင်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရိတ်သိမ်းခြွေလှေ့ခြင်းများမှာ စက်များဖြင့်ပြုလုပ်နေပြီဖြစ်သောကြောင့် အဆင်ပြေနေသော်လည်း စိုက်ပျိုးရန် လယ်ယာလုပ်သားရှားပါးခြင်းကို ဖြေရှင်းရန်လိုအပ်လျှက်ရှိသည်ဟု စက်မှုလယ်ယာအငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ ဦးထွန်းညိုက သုံးသပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly