ဆင်းရဲမှု လျော့ချရန် ယူရိုသိန်း ၁၀၀ ဂျာမဏီ ကြားဖြတ် လှူဒါန်း

ဆင်းရဲမှု လျော့ချရန် ယူရိုသိန်း ၁၀၀ ဂျာမဏီ ကြားဖြတ် လှူဒါန်း

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးရန်နှင့် ဆင်းရဲမှု လျော့ချရန် ရည်ရွယ်လျက် ယူရိုသိန်း ၁၀၀ ကို လှူဒါန်းသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျာမဏီသံရုံးက ထုတ်ပြန်သည်။

“ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု လျော့ချနိုင်ရေးဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အဓိက ဦးစားပေးကဏ္ဍ တစ်ခုဖြစ်ပါတယ်။ ကျနော်တို့ဟာ ပေးထားတဲ့ ကတိများအတိုင်း လက်တွေ့ အကောင်အထည်ဖေါ် ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျာမန် သံအမတ်ကြီး H.E. Christian-Ludwig Weber Lortsch က ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ရက်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂျာမဏီ နိုင်ငံက များစွာ ဂုဏ်ယူသည်ဟုလည်း ဖေါ်ပြထားပြီး ဒီမိုကရေစီလမ်းစဉ်ကို ဦးတည်ကူးပြောင်း နေသည့် နိုင်ငံတစ်ခုအတွက် ထိုက်တန်သည့် ဂုဏ်ပြုမှုဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“ယခုအခါ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီလမ်းစဉ်ကို ဦးတည်ကူးပြောင်းနေပါပြီ။ ယခုကဲ့သို့ ပြုမူ ဆောင်ရွက်နိုင်ခြင်းအပေါ် ဂုဏ်ယူလေးစားခြင်းနှင့် ကူညီထောက်ပံ့ပေးခြင်းတို့ဖြင့် လွန်စွာမှ ထိုက်တန်လှပါတယ်” ဟုလည်း H.E. Christian-Ludwig Weber Lortsch က ပြောခဲ့သေးသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း မြန်မာနိုင်ငံအဝှမ်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာတွင် တစ်ခုအပါအဝင် ဖြစ်သော စစ်ကိုင်းတိုင်း ကလေးဒေသအတွင်းရှိ ပြည်သူ ၅၀၀၀၀ နှင့် ရေဘေးသင့် ဒေသ ၃၂ ရွာအတွက် တံတားများလမ်းများ ဆောက်လုပ်ရာတွင်လည်း ဂျာမဏီနိုင်ငံက ကူညီပေးလျက်ရှိသည်။

ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဂျာမဏီနိုင်ငံမှ လှူဒါန်းသည့် ယူရို သိန်း ၁၀၀ အတွက် မြန်မာနိုင်ငံ၏ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနကမှ အကောင်အထည်ဖေါ်ရန် တာဝန်ပေးအပ်ထားသည်။

မြန်မာနိုင်ငံ၏ ဆင်းရာနိုင်နှုန်းသည် ၂၆ ရာခိုင်နှုန်းရှိနေသည်ဟု သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ် ရေဒီယို မိန့်ခွန်းများတွင် ပြောဆိုထားပြီး ၁၅ ရာခိုင်နှုန်းအထိ လျော့ချနိုင်ရန် လုပ်ဆောင်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။ သို့သော် ယခု ၂၀၁၆ ခုနှစ် အရောက်တွင်မူ ရာခိုင်နှုန်းမည်မျှ လျော့ကျသွားသည်ကိုမူ အတိအကျ မသိရပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly