အဓိက ကစားသမားအချို့ ဒဏ်ရာပြဿနာကြောင့် ရှုံးပွဲကြံုနေရခြင်းဟု မာယန် ညည်းတွား

အဓိက ကစားသမားအချို့ ဒဏ်ရာပြဿနာကြောင့် ရှုံးပွဲကြံုနေရခြင်းဟု မာယန် ညည်းတွား
ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားနေစဉ်။ (ဓာတ်ပုံ - ရွှေဘုတ်)

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂ အပြီးတွင် လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်း နှစ်ပွဲ ဆက် ရှုံးနိမ်ခဲ့ခြင်းမှာ အဓိက ကစားသမားအချို့ ဒဏ်ရာပြဿနာ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု နည်းပြချုပ် မာယန်က ဟံသာဝတီနှင့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်ယူနိုက် တက်အသင်းတွင် အဓိက တိုက်စစ်မှူး ကျော်ကျော်ကို အပါအဝင် ကျော်မင်းဦး၊ သန်းထိုက်အောင်၊ ကြည်လင်း ၊ကောင်းဆက်နိုင်၊ ဒေးဗစ်ထန်းတို့ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည်။

“အသင်းမှာ အဓိက ပြဿနာကတော့ ဒဏ်ရာရ ကစားသမားတွေ များနေတာပါပဲ။ ကျော်ကို ကို အပါအဝင် ဒီနေ့ ဝင်ကစားသွားတဲ့ ကြည်လင်း၊ ဒေးဗစ်ထန်းတို့ကလည်း ဒဏ်ရာရှိနေပါတယ်။ ပွဲချိန်ပြည့်သုံးလို့ အဆင်မပြေသေးပါဘူး။ ဒါ့အပြင် တိုက်စစ်မှူးအချို့ ဂိုးပေါက်ပျောက်နေပါတယ်။ အသင်းကို ရောက်တာ ငါးရက်ပဲ ရှိသေးတဲ့အတွက် ကစားသမားအချို့ရဲ့ ကစားဟန်ကို သေချာမသိ သေးပါဘူး။ လာမယ့် ပွဲတွေမှာတော့ အသင်းကို အကောင်းဆုံး ပုံစံပြန်ရအောင် ပြင်ဆင်သွားမှာပါ ” ဟု မာယန်က ဒဏ်ရာရ ကစားသမားများနှင့် ပတ်သက်၍ ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂ အပြီး ၌ မကွေးအသင်းကို ၁-၂၊ ဟံသာဝတီအသင်းကို ၂-၁ ဖြင့် နှစ်ပွဲဆက် ရှုံးနိမ့်ကာ ရမှတ် တစ်မှတ်မှ ရရှိခြင်းမရှိပဲ အမှတ်ပေးဇယား အဆင့် ၁၁ နေရာတွင် ရပ်တည်လျက်ရှိသည်။

ရန်ကုန်အသင်းသည် လိဂ်ပွဲစဉ် ၃ တွင် ရှမ်းယူနိုက်တက်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည့်အပြင် ပွဲစဉ် ၄ ၌ ဧရာဝတီအသင်းနှင့် အဝေးကွင်း ပွဲကြပ်များ တောက်လျှောက် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly