စက်သုံးဆီ တစ်လီတာ ၅၀၀ ထက် ပိုမရောင်းရန် သတ်မှတ်

စက်သုံးဆီ တစ်လီတာ ၅၀၀ ထက် ပိုမရောင်းရန် သတ်မှတ်

စက်သုံးဆီ ဒီဇယ် တစ်လီတာကို ၅၀၀ ထက်ပိုမရောင်းရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ဇန်နဝါရီလ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ဈေးကွက်အတွင်း ရောင်းချနေသည့် စက်သုံးဆီ လက်လီဈေးနှုန်းသည် ပေါက်ဈေးထက် များစွာ ကွာဟနေခြင်းကြောင့် ဈေးနှုန်းသတ်မှတ်ချက်အတိုင်း ရောင်းချနိုင်ရန် အကြောင်းကြားသည်ဟု လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သတ်မှတ်ဈေးနှုန်းများအဖြစ် ဒီဇယ် တစ်လီတာကို ၅၀၀ ကျပ်၊ Ron 92 တစ်လီတာလျင် ၅၅၀ ကျပ်၊ အဆင့်မြင့် ဒီဇယ်ဆီ တစ်လီတာလျင် ၅၆၀ ကျပ်နှင့် Ron 95 တစ်လီတာလျင် ၆၆၀ ကျပ် သတ်မှတ်ထားသည်။

အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော လက်လီ ဈေးနှုန်းမှာ လက်ရှိတွင် များစွာ ကွာဟလျက်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် အများပြည်သူများ ဝယ်ယူသုံးစွဲမှု အဆင်ပြေစေရန် သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာ ရောင်းချပေးရန် စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက တိုက်တွန်းထားသည်။

ထုတ်ပြန်ကြေညာချက်တွင် ရေနံထွက် ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူချက်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ၊ မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းချရေး လုပ်ငန်း(နေပြည်တော်)၊ တိုင်းရောင်းဝယ်ရေး အရာရှိရုံး (ရန်ကုန်တိုင်း)၊ မန္တလေးတိုင်း စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းတို့ထံ မိတ္တူ ပေးပို့ထားသည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းသည် ရေနံထွက် ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူချက်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ၂၀၁၅ ခုနှစ် ဧပြီ ၂၇ ရက်တွင် ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဝင် ၁၂ ဦးပါ အဆိုပါအသင်းသည် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းနှင့်အညီ မြန်မာနိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းသည်လည်း ဖြစ်သင့်သည့်ဈေးဖြစ်ရေး ထိန်းညိရန် ဖွဲ့စည်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags