မိုင်လီဆိုင်ရပ်စ်နှင့် လီယမ်ဟမ်းစ်ဝါ့သ်တို့ အလျင်စလို လက်ထပ်မည် မဟုတ်

မိုင်လီဆိုင်ရပ်စ်နှင့် လီယမ်ဟမ်းစ်ဝါ့သ်တို့ အလျင်စလို လက်ထပ်မည် မဟုတ်

ဇန်နဝါရီ ၁၈ ။           ။ သြစတြေးလျမင်းသား Liam Hemsworth (လီယမ်ဟမ်းစ်ဝါ့သ်)နှင့် ကမ္ဘာကျော် အမေရိကန် အဆိုတော် Miley Cyrus (မိုင်လီဆိုင်ရပ်စ်)တို့ စုံတွဲသည် အလျင်စလို လက်ထပ်မည် မဟုတ်ကြောင်း International Business Times မီဒီယာက ရေးသား ဖော်ပြထားသည်။

“Miley နဲ့ Liam တို့ ပြန်တွဲကြတာဟာ သူတို့ အလျင်စလို လက်ထပ်တော့မယ်လို့ အဓိပ္ပါယ် မသက်ရောက်ပါဘူး။ သူတို့နှစ်ယောက် အရင်က လမ်းခွဲခဲ့ကြပေမဲ့ သူတို့ဟာ သူငယ်ချင်းတွေအဖြစ် ဆက်ပြီး ဆက်ဆံခဲ့ကြပါတယ်။ လက်ထပ်တော့မယ်ဆိုတဲ့ ဖိအားဟာ သူတို့ကို တစ်ယောက်နဲ့ တစ်ယောက် ဝေးကွားစေခဲ့တယ် ဆိုတာကို သူတို့နှစ်ယောက်လုံး နားလည်လာကြပါတယ်” ဟု သတင်းရင်းမြစ် တစ်ခုက Hollywood Life မီဒီယာကို ပြောပြခဲ့ကြောင်း International Business Times တွင် ဖော်ပြထားသည်။

Liam Hemsworth နှင့် Miley Cyrus တို့မှာ The Last Song ဇာတ်ကားကိုအတူ သရုပ် ဆောင်ခဲ့ကြသည့် ၂၀၀၉ ခုနှစ်တွင် စတွဲခဲ့ကြခြင်း ဖြစ်သည်။ Wrecking Ball သီချင်းဖြင့် အကြီးအ ကျယ် အောင်မြင်ခဲ့သူ Miley Cyrus အား ၂၀၁၂ ခုနှစ်တွင် Hemsworth က စိန်လက်စွပ် တစ်ကွင်း ဖြင့် လက်ထပ်ခွင့် တောင်းခဲ့သည်။

ထို့နောက်တွင်မူ သူတို့နှစ်ဦးသည် မင်းသား Hemsworth ၏ ရုပ်ရှင် Paranoia ပွဲဦးထွက် ရုံတင်ပြသခဲ့သော DGA ရုပ်ရှင်ရုံတွင် နောက်ဆုံးတွဲခဲ့ကြခြင်း ဖြစ်ကာ မကြာမီတွင် ၎င်းတို့နှစ်ဦး လမ်းခွဲကြ ပြီဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ကြသည်။ ယခုနောက်ပိုင်း တွင်မူ ၎င်းတို့နှစ်ဦး ပြန်တွဲလျက် ရှိကြသည်။

ထိုစုံတွဲနှင့် နီးစပ်သူ တစ်ဦးက “Miley နှင့် Liam တို့ဟာ အဲဒီလို ဖိအားမျိုးကို ထပ်ပြီး မလိုချင် တော့ပါဘူး။ အဲဒီအချိန်တုန်းက သူတို့ဟာ လက်ထပ်ဖို့ အရမ်း ငယ်ကြပါသေးတယ်။ အခု သူတို့ဟာ လက်ထပ်ဖို့ မလောတော့ဘဲ တစ်ယောက်နဲ့တစ်ယောက် ပျော်ပျော်ရွှင်ရွှင် ဆက်ပြီး လက်တွဲကြမယ် ဆိုတဲ့ ခံစားချက်မျိုး ရှိနေတုန်းပါပဲ” ဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly