ရန်လုံကျိုင်း ပြုပြင်ထိန်းသိမ်းရေး စခန်းအဟောင်းကို ဆေးကုသခန်းနှင့် ပြည်လည် ထူထောင်ရေးစခန်း ဖွင့်လှစ်ရန် အစီအစဉ်မရှိ

ရန်လုံကျိုင်း ပြုပြင်ထိန်းသိမ်းရေး စခန်းအဟောင်းကို ဆေးကုသခန်းနှင့် ပြည်လည် ထူထောင်ရေးစခန်း ဖွင့်လှစ်ရန် အစီအစဉ်မရှိ

လောက်ကိုင်မြို့တွင် ရန်လုံကျိုင်း ပြုပြင်ထိန်းသိမ်းရေး စခန်းအဟောင်းကို မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ဆေးကုသခန်းနှင့် ပြည်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်မ ရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောကြားသည်။

ကိုးကန့်ဒေသတွင် မူးယစ်ဆေးဝါကြောင့် လူ့အရင်းအမြစ်များ လေလွင့်ဆုံးရှုံးခြင်းမှ ကာကွယ် ရန်အတွက် ရန်လုံကျိုင်း ပြုပြင်ထိန်းသိမ်းရေး စခန်းအဟောင်းကို မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ဆေးကုသခန်းနှင့် ပြည်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ရန် အစီအစဉ်ရှိမရှိ လောက်ကိုင်မဲဆန္ဒနယ်မှ ဦးကျော်နီ နိုင်ကမေးမြန်ရာတွင် အစီအစဉ်မရှိကြောင်း ဒုတိယဝန်ကြီး ဗိုလ်မှူးချပ် ကျော်ဇံမြင့်က ဖြေကြားခဲ့သည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူများအား ဆေးကုသပေး ခြင်းကို လောက်ကိုင်ခရိုင် ဆေးရုံကြီးတွင် မူးယစ်ဆေးစွဲ ရောဂါကုဌာနတွင် ဆေးကုသနိုင်ကြောင်းနှင့် လာရှိုး ပြန်လည်ထူထောင်စခန်းတွင်လည်း ရက်သတ္တပတ် ၁၀ ပတ်အကြာ ပြန်လည်ထောင်ရေး အတွက် လေ့ကျင့်ပေးနေကြောင်း  ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဇန်နဝါရီလ (၁၈)ရက် နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကိုးကန့်ဒေသတွင် မူးယစ်ဆေးဝါး တားဆီးရေးလုပ်ငန်းများကို သက်ဆိုင်ရာက အရှိအဟုန်ဖြင့် ဆောင် ရွက်နေသော်လည်း လက်ရှိ၌ ကိုးကန့်ဒေသတွင် ခေတ်သစ်မူးယစ်ဆေးဝါးများ အဆမတန် ပေါများ လာကြောင်းနှင့် ကိုးကန့်ဒေသတွင် လူငယ်များမှလည်း မူးယစ်ဆေးဝါး သုံးစွဲသည်ကို အလေ့ အထတစ်ခု ဖြစ်ထွန်းနေပြီး မူးယစ်ဆေးဝါး၏ သားကောင် ရောက်ရှိနေကြောင်းလည်း လောက်ကိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က လွှတ်တော်တွင် မေးမြန်းရင်း ထည့်သွင်း ပြောကြားခဲ့သည်။

လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်း ပြုပြင်ထိန်းသိမ်းရေး စခန်းအဟောင်း မြေနေရာသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဦးစီးအဖွဲ့ပိုင် မြေနေရာဖြစ်ကြောင်းနှင့် မြေဧရိယာ(၄.၅)ဧက ကျယ်ဝန်ပြီး ယင်းစခန်းဟောင်းအတွင်း နှစ်ထပ်တိုက်တစ်လုံးနှင့် တစ်ထပ်တိုက်အခန်းငယ် (၁၆)လုံး ရှိကြောင်း လည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။

လောက်ကိုင်မြို့သည် ကိုးကန့် သောင်းကြမ်းသူအဖွဲ့နှင့် တပ်မတော်တို့ ၂၀၁၅ ခုနှစ်၊ ဖေဖဝါ ရီလတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် အမိန့်ထုတ်ပြန်၍ အရေးအပေါ် အခြေအနေ ကြေညာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly