ရန်ကုန်နည်းပြဟောင်း အဲရစ်ဝီလျံကို မြန်မာ ယူ-၁၆ အသင်း နည်းပြချုပ်အဖြစ် ခန့်အပ်ရန် စီစဉ်

ရန်ကုန်နည်းပြဟောင်း အဲရစ်ဝီလျံကို မြန်မာ ယူ-၁၆ အသင်း နည်းပြချုပ်အဖြစ် ခန့်အပ်ရန် စီစဉ်

ဇွန် ၂၅၊ ရန်ကုန်။ ။ ၂၀၁၆ အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲ နှင့် အာဆီယံ ယူ-၁၆ချန်ပီယံရှစ် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအတွက် နည်းပြချုပ်အဖြစ် အဲရစ်ဝီလျံကို တာဝန်ပေး ခန့်အပ်ရန် စီစဉ်လျက်ရှိသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ပြောသည်။

သြစတြေးလျလူမျိုး အဲရစ်ဝီလျံသည် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းကို ၂၀၁၁ တွင် စတင်ရောက်ရှိလာခဲ့ပြီး ၂၀၁၁၊၂၀၁၂ တွင် အသင်းအတွက် လိဂ်ဖလား ရယူပေးခဲ့ကာ လမ်းခွဲခဲ့သည်။ ၂၀၁၄ ဘောလုံးရာသီတွင် ရန်ကုန်အသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာပြီး အောင်မြင်မှုမရခဲ့သဖြင့် အသင်းနှင့်ထပ်မံလမ်းခွဲခဲ့သည်။

“ အဲရစ်ဝီလျံကို ယူ-၁၆ အသင်းကို တာဝန်ပေးဖို့ ရန်ကုန်အသင်းက တစ်ဆင့်ဆက်သွယ်ခိုင်းထားပါတယ်။ ဒီယူ-၁၆ အသင်းလေးက အကယ်ဒမီက ထွက်လာတဲ့ကလေးအများစု ပါတဲ့အတွက် ကောင်းပါတယ်။ အဲရစ်ကလည်း နည်းပြကောင်းတစ်ယောက်ဆိုတော့ ချိတ်ကြည့်တာပါ။ ဒီအရွယ်ထဲက ကလေးတွေကို ပံ့ပိုးထားမှ နောင်မှာ ဒီထက်ပိုကောင်းလာနိုင်မှာပါ။ ယူ-၁၈ အသင်းကိုတော့ ဖရိုင်းဒရစ် ကိုင်တွယ်သွားမှာပါ ” ဟု ဦးဇော်ဇော်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် လက်ရှိတွင် မန္တလေးအကယ်ဒမီမှ ကစားသမားများဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးသန်းလွင်က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ မြန်မာ ယူ-၁၆ အသင်းသည် ၂၀၁၅ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အိမ်ရှင် အင်ဒိုနီးရှား၊ သြစတြေးလျ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား အသင်းများနှင့်အတူ အုပ်စု (ခ) တွင် တစ်အုပ်စုတည်းကျရောက်လျက်ရှိကာ ဇူလိုင်လ ၂၇ မှ သြဂုတ်လ ၉ ရက်ထိ ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ၂၀၁၆ အာရှ ယူ-၁၆ ခြေစစ်ပွဲတွင် အိမ်ရှင်သြစတြေးလျ၊ ဗီယက်နမ်၊ ဂူအမ်အသင်းတို့နှင့် အုပ်စု (ဆ) တွင် ကျရောက်လျက်ရှိကာ လာမည့် စက်တင်ဘာ ၂၆ ၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly