တယ်လီနောဆင်းကဒ်များကို နည်းပညာမြင့် USIMကဒ်များဖြင့် အခမဲ့လဲလှယ်နိုင်

တယ်လီနောဆင်းကဒ်များကို နည်းပညာမြင့် USIMကဒ်များဖြင့် အခမဲ့လဲလှယ်နိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ။ ။ တယ်လီနောဆင်းကဒ် အသုံးပြုသူများ အနေဖြင့် နည်းပညာမြင့် USIMကဒ်များနှင့် ဇန်နဝါရီ ၁ရက်မှ စတင်လဲလှယ်နိုင်ပြီ ဖြစ်သည်။

ယခုလဲလှယ်ပေးသည့် USIMကဒ်များသည် မြန်နှုန်းမြင့် ဆင်းကဒ်များဖြစ်ပြီး SIM applicationများ၏ ရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ကူညီပေးနိုင်မည်ဟု သိရသည်။ အဆိုပါကဒ်များသည် လုံခြုံမှုပိုမိုကောင်းမွန်ပြီး နည်းပညာမြှင့်ထားသည့် Phone book လုပ်ဆောင်ချက်များလည်း ပါဝင်မည်ဖြစ်သည်။

"တယ်လီနော အသုံးပြုသူတွေအားလုံးကို USIMကို ပြောင်းသုံးစေချင်ပါတယ်။ ဒါမှ တယ်လီနောက လက်ရှိ ဝန်ဆောင်မှုတွေကို ခံစားနိုင်မယ့်အပြင် နောက်လာမယ့် အချိန်မှာပေးမယ့် နောက်ဆုံးပေါ် ဝန်ဆောင်မှုတွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်"ဟု တယ်လီနောမြန်မာ၏  Chief Marketing Officer Joslin Myrthongက ပြောကြားခဲ့သည်။

USIM များကို မြန်မာနိုင်ငံတွင်း တယ်လီနောက ဖွင့်လှစ်ထားသည့် Brand ဆိုင် ၇၇ ဆိုင်တွင် ဇန်နဝါရီ ၁ရက်မှ မတ်လ ၃၁ရက်အထိ အခမဲ့ လဲလှယ်နိုင်ပြီဖြစ်သည်။ 

အဆိုပါ ကဒ်လဲလှယ်မှုသည် မဖြစ်မနေလုပ်ရမည်ဟုမဆိုသော်လည်း နောင်4G ဝန်ဆောင်မှု ပေးချိန်တွင် ဆင်းကဒ်ထပ်မံလဲလှယ်ရန် မလိုတော့ကြောင်း Joslin Myrthongက ပြောသည်။ 

လတ်တလောတွင် USIMကဒ် လာရောက်လဲလှယ်သူ များသည့်အတွက် Brandedဆိုင်များတွင် ပစ္စည်းပြတ်သည်အထိ ဖြစ်နေသည်ဟုလည်း ရန်ကုန်မြို့ လှည်းတန်းစိန်ဂေဟာတွင် ဖွင့်လှစ်ထားသည့် တယ်လီနောBrandedဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

USIMလဲလှယ်ရာတွင် ပြည်တွင်း၌ အသုံးများသည့် Micro-Simအရွယ်သာမက Nano-Simအရွယ်ကိုပါ ကဒ်ဖြတ်စရာမလိုဘဲ လဲလှယ်နိုင်မည် ဖြစ်သည်။

"USIMလဲပြီးနောက်ပိုင်း လိုင်းတော်တော်နဲ့မကျတော့ဘူး။ အခု 3Gနဲ့တောင် Video callပါခေါ်လို့ရနေတယ်။ 4G ဝန်ဆောင်မှုရရင်တော့ ဒီထက်ပိုကောင်းလာမယ့်သဘောရှိလို့ ကျေနပ်ပါတယ်။" ဟု USIMလာရောက်လဲလှယ်သူ မောင်ကောင်းထွဋ်ဇော်က ပြောသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် 3Gကွန်ယက်ဖြင့် ဝန်ဆောင်မှုပေးနေပြီး နိုင်ငံတဝှမ်းတွင် တာဝါတိုင်ပေါင်း ၄၂၀၀ ကျော်၊ အရောင်းဆိုင်းပေါင်း ၆၀, ၀၀၀ နီးပါးရှိကြောင်း တယ်လီနောက ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags