ထိုင်း၌ ဗုဒ္ဓဥယျာဉ် တည်မည်ကို မွတ်စလင်ဘာသာရေး​ခေါင်းဆောင်များ အတိုက်အခံလုပ် ကန့်ကွက်

ထိုင်း၌ ဗုဒ္ဓဥယျာဉ် တည်မည်ကို မွတ်စလင်ဘာသာရေး​ခေါင်းဆောင်များ အတိုက်အခံလုပ် ကန့်ကွက်

ပတ္တာနီ၊ ဇန်နဝါရီ ၁၈ ။            ။ ထိုင်းနိုင်ငံ ပတ္တာနီပြည်နယ်အာဏာပိုင်များက ဗုဒ္ဓဥယျာဉ်တော် တည်ဆောက်ရန် အစီအစဉ်ကို မွတ်စလင်ကြီးစိုးရာ တောင်ပိုင်းနယ်စပ်ပြည်နယ်သုံးပြည်နယ်မှ မွတ်စလင် ဘာသာရေးခေါင်းဆောင်များက ဆန့်ကျင်ကာ အစီအစဉ်ကို ပြန်စဉ်းစားရန် တောင်းဆိုကြသည်။

အဆိုပါ ဗုဒ္ဓဥယျာဉ်တည်ဆောက်ရေး အစီအစဉ်ကို ပြည်နယ်အာဏာပိုင်များက ပြန်လည်သုံးသပ်စဉ်းစားရန် ပတ္တာနီအစ္စလာမ်မစ်ကော်မတီဥက္ကဋ္ဌ နှင့် နယ်စပ်သုံးပြည်နယ် အစ္စလာမစ်ကော်မတီ ကွန်ရက်ဥက္ကဌဖြစ်သူ မာမင်ဂျီက ဇန်နဝါရီ ၁၇ ရက်က ပြောဆိုတိုက်တွန်းလာခြင်းဖြစ်သည်။

ဗုဒ္ဓဥယျာဉ်တော် တည်ဆောက်ရေးတွင် ဆင်းတုတော်ကြီးတစ်ဆူလည်း တည်ထားမည်ဖြစ်ရာ ဒေသခံပြည်သူများ၏ သဘောထားကို စေ့ငုခြင်း မရှိဟု ၎င်းက ပြောသည်။ ဒေသခံများ၏ သဘောထားကို နားထောင်ခြင်းမရှိဘဲ စီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်မည်ဆိုလျှင် ပြဿနာများ ဖြစ်ပွားလာမည်ဟု ဆိုသည်။

ဥယျာဉ်တော်တည်ဆောက်မည့် နေရာသည် မွတ်စလင်အများစု ကြီးစိုးရာ ဒေသဖြစ်၍ ဒေသခံများက လက်ခံမည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။

နယ်မြေအသီးသီးမှ မွတ်စလင်ဘာသာရေးခေါင်းဆောင်များကလည်း ယင်းကိစ္စကို ဆွေးနွေးရန် ယာလာတွင် အစည်းအဝေး ပြုလုပ်ပြီး စီမံကိန်းအပေါ် ဆန္ဒပြ၍လည်း လာနိုင်သည်။

ဗုဒ္ဓဥယျာဉ်တော်ကို ပတ္တာနီပြည်နယ် မန်ခရိုင်အတွင်း ပတ်အိုအရပ်၌ တည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။

ယင်းနေရာအရပ်တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအချို့လည်း ရှိနေပြီး ဒေသက မွတ်စလင်များက ဖီလာဆန့်ကျင်မှုများ မပြုကြကြောင်း၊ သို့သော် ဗုဒ္ဓဆင်းတုတော်ကြီးတစ်ဆူ ထားရှိမည့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းကို လက်ခံကြလိမ့်မည်မဟုတ်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly