ထိုင်း ငါးဖမ်းသင်္ဘောပေါ်က မြန်မာတို့ရဲ့ သေမင်းအူသံများ

ထိုင်း ငါးဖမ်းသင်္ဘောပေါ်က မြန်မာတို့ရဲ့ သေမင်းအူသံများ

မြန်မာအလုပ်သမား မင်းမင်း(အမည်ပြောင်းထား) တစ်ယောက် ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှား ကမ်းလွန်တွင် ထိုင်းငါးဖမ်း သင်္ဘောတစ်စီးပေါ် စရောက်ခဲ့ရသည်။ သူ၏ စိတ်ဆန္ဒမပါဘဲ ပင်လယ်ပြင် တံငါအလုပ်ကို အတင်း ခိုင်းစေခံနေရခြင်းပင်။ ငါးဖမ်းသင်္ဘောပေါ်က ဖြစ်ပျက် သံသရာများမှာ လူသေဆုံးခြင်းများသည် သာမန်လိုနေဖြစ်ပြီး နာမကျန်းဖြစ်မှုများကလည်း အစဉ်လိုပင် ဖြစ်နေကြောင်း မင်းမင်းက ပြောသည်။

မင်းမင်း မျက်စိအောက်မှာပင် တံငါသင်္ဘောပေါ်က လုပ်ဖော်ကိုင်ဖက်နှစ်ဦး သေဆုံးမှုကို မျက်ဝါး ထင်ထင် ကြည့်နေခဲ့ရသည်။ သင်္ဘော ဒေါက် တင်ချိန်တွင် နောက်ထပ် စိတ်မကောင်းဖွယ်ကို သူ ကြားခဲ့ရပြန်သည်။ အခြား ငါးဖမ်းယာဉ်များတွင်လည်း သေဆုံးသူ ကိုးဦး အကြောင်းကို ကြားသိ လိုက်ရပြီး သေဆုံးရုပ်အလောင်းများ ပင်လယ်တွင်း ပစ်ချပစ်ခြင်းက အရေအတွက်မဲ့ ပင်ဖြစ်ကြောင်း မင်းမင်းက ပြောသည်။

ပင်လယ်ပြင်အတွင်းသာ ရေရှည်နေထိုင်ခဲ့ရသည့် တံငါ ငါးဖမ်းလုပ်သားများတွင် အဆုတ်ရောင်ခြင်း၊ အသက်ရှု ခက်ခဲခြင်း၊ ကိုယ်အေး ဝမ်းရောင်ဖြစ်ခြင်းနှင့် အာရုံကြောများ ချို့ယွင်းခြင်းများ သာမန် ရောဂါများအဖြစ် ခံစားရခြင်းဖြစ်သည်။ ဆရာဝန်များက ယင်းလက္ခဏာရပ်များကို ဗီတာမင် B1 ချို့တဲ့မှုကြောင့် ဖြစ်ပွားရသည့် ထုံနာကျင်နာ ရောဂါအဖြစ် ခေါ်ဆိုကြသည်။

သို့သော် ပင်လယ်အတွင်းသာ အများအားဖြင့် နေထိုင်နေရသည့် ငါးဖမ်းလုပ်သား အများစုအတွက်က ကျန်းမာရေး စစ်ဆေးမှုဆိုသည်မှာ အရာမထင်ပဲ ရှိနေသည်။ အလုပ်သမားများ၏ အခြေအနေနှင့် ကျန်းမာရေးကို စစ်ဆေးပေးရေးအတွက် ထိုင်း အာဏာပိုင်များအတွက်က ခက်ခဲနေသည်။

အိန္ဒိယ သမုဒ္ဒရာအတွင်း ကိုးလကြာ ငါးဖမ်းထွက်ခဲ့သည့် ထိုင်းငါးဖမ်းသင်္ဘော ပြီးခဲ့သည့် သီတင်းပတ်က ပြန်ဝင်လာရာ ငါးဖမ်းလုပ်သား ခြောက်ဦးသေဆုံးပြီး နာမကျန်းဖြစ်ပြီး ပြန်ပါလာသည့် ငါးဖမ်းလုပ်သား ၂၀ ရှိခဲ့ခြင်းကြောင့် ငါးဖမ်းလုပ်ငန်းနယ်ပယ်သည် အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ သေဆုံးသူ ခြောက်ဦးတွင် ငါးဦးက ကမ္ဘောဒီးယားနှင့် ကျန်တစ်ဦးမှာ ထိုင်းနိုင်ငံဖြစ်သည်။

၁၈ ရာစုအတွင်းက တွေ့ရှိခဲ့သည့် စကူဗီဆိုသည့် သွေးရောဂါတစ်မျိုးသည် ဟင်းသီးဟင်ရွက် စားသုံးမှု နည်းပါးခြင်းကြောင့် ဗီတာမင်စီ ချို့တဲ့၍ ဖြစ်ပွားသည့် ရောဂါဖြစ်ပြီး ပင်လယ်ပြင် လုပ်သားများအတွက် ဟင်းသီးဟင်းရွက်များ တင်ဆောင်ပြီးမှ ငါးဖမ်းထွက် ကြရခြင်းဖြစ်သည်။

မင်းမင်း ပြောဆိုသည် သင်္ဘောသားသေဆုံးမှု သတင်းက Prapas Navi ကုမ္ပဏီ နာမည်ပျက်ခဲ့ရသည့် အကြောင်းကို ပြန်လည် သတိရစေသည်။ ယင်းကုမ္ပဏီက အင်ဒိုနီးရှား ကမ်းလွန်တွင် ငါးဖမ်းယာဉ် ခြောက်စီးဖြင့် ငါးဖမ်းနေခြင်းဖြစ်သည်။ ထိုငါးဖမ်းသင်္ဘောများတွင် ကယ်လိုရီ ချို့တဲ့မှုကြောင့် သင်္ဘောသားပေါင်း ၃၉ ဦး သေဆုံးခဲ့ရသည်။

အသက် ၃၃ နှစ်အရွယ် မင်းမင်းက ပင်လယ်ပြင်တွင် သေလောက်အောင် နာမကျန်းလည်း ဖြစ်ခဲ့ဖူးသည်။ ပင်လယ်ဆားငန်ရေကို ကျိုချက်ထားသည့် မသန့်ရှင်းသော ရေကို နှစ်ပေါင်းများစွာ သောက်လာရခြင်းကြောင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် တံငါလုပ်သားများ ကျောက်ကပ် မကောင်းတော့ကြောင်း ကိုလည်း မင်းမင်းက သိရှိထားသည်။

“ငါးဖမ်းလုပ်သားတွေအတွက် နာရီများစွာ အလုပ်လုပ်ရတာ သာမန်ဖြစ်စဉ်ပါ။ တစ်ခါတစ်လေ တစ်နေ ကုန်ပါပဲ။ အစားအသောက်ကြတော့လည်း ကောင်းကောင်း စားရတာမဟုတ်ပါဘူး”ဟု ၂၀၀၇ ခုနှစ်က ယင်းလုပ်ငန်းမှ ထွက်ခွာလာနိုင်ခဲ့သူ မင်းမင်းက ပြောသည်။ စားရသည့် အစားအစာမှာလည်း ငါးနှင့် ထမင်း အနည်းငယ်သာဖြစ်ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီး မစားရသလောက်ဖြစ်ကြောင်း မင်းမင်းက ပြောသည်။

မင်းမင်းအပါအဝင် အလုပ်သမားအများစုက ၎င်းတို့ ကျန်းမာရေး ချို့ယွင်းရခြင်းက အာဟာရ ချို့တဲ့မှုနှင့် အလုပ်ကြမ်း ပင်ပန်းလွန်းခြင်းကြောင့်ဆိုတာ သိရှိကြသည်။ သို့သော်လည်း သူတို့အတွက် မည်သို့မျှ မတတ်နိုင်သည့် အခြေအနေသာ ဖြစ်နေသည်။ ၎င်းတို့မှ တစ်ချို့က စာရွက်စာတမ်း တုများဖြင့် အလုပ်လာလုပ်ကြသူများလည်း ဖြစ်နေသောကြောင့်ပင်။ မင်းမင်းကိုယ်တိုင်လည်း ထိုင်းမှတ်ပုံတင်တုကို ကိုင်ဆောင်ထားသည်။ ထိုသို့ မှတ်တမ်းအတုများဖြင့် အလုပ်လုပ်သူများမှာ လူမှောင်ခိုမှုများ၏ သားကောင်များ ဖြစ်နေမည်ဟုလည်း မင်းမင်းက ဆိုသည်။

ကျန်းမာရေးနှင့် အာဟာရပြည့်မီစွာ စားသောက်ရေးအကြောင်း သိပါသည်ဟု မင်းမင်းက ပြောသည်။ သို့သော်လည်း ရောက်နေသည့် ဘဝက မည်သို့မျှ သင့်တင်မျှတစွာ မစားသောက်ရသည့် အခြေအနေ ဆိုက်နေပြီး လူမဆန်စွာ ခိုင်းစေခြင်းအောက် ရောက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ အလုပ်သမားခေါင်းများက သေနတ်မိုးကာ ၎င်းတို့အား အလုပ်ကို တွင်တွင် စေခိုင်းနေခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် မင်းမင်းက အခြားငါးဖမ်းသင်္ဘောသို့ တက်ခဲ့သည်။ ထိုအချိန်တွင်မူ ကိုယ်တိုင်ဆန္ဒဖြင့် သွားလုပ်ခဲ့ခြင်းဖြစ်သည်။ ယခင် ဒုက္ခများကိုပဲ မင်းမင်းတစ်ယောက် ပြန်လည် ကြုံတွေ့ရပြီး ယင်းဒုက္ခကို အဆုံးသတ်လိုက်နိုင်ပါသည်။ သို့သော်လည်း သူ့၏ လက်ချောင်း လေးချောင်းကမူ မတော်တဆမှုအတွင်း ပေးဆပ်လိုက်ရတော့သည်။

ထိုသို့ ကြုံရသည်ကိုပင် မင်းမင်းက ကံကောင်း၍ဟု ပြောသည်။ သေလမ်းသို့သာ အများစု ရောက်ရှိ သွားကြရာတွင် ၎င်းက မသေမပျောက် ကျန်ခဲ့၍ဟု မင်းမင်းက စိတ်ဖြည်ထားပါသည်။

“အာဏာပိုင်တွေကလည်း ငါးဖမ်းလှေတွေပေါ်က ဒုက္ခဆိုးကို ကူညီပေးတာ မရှိပါဘူး။” ထိုင်းငါးဖမ်း လုပ်သားဟောင်းတစ်ဦးဖြစ်သူ ဆက်က ပြောသည်။ “သူတို့ သိတာပေါ့။ ငါးဖမ်းလှေတွေပေါ်က လူမဆန်တဲ့ လုပ်ရပ်တွေ၊ သေဆုံးမှုတွေကို သူတို့ သိပါတယ်။”ဟု ၎င်းက ပြောသည်။

အနှုတ် ၃၀ ဒီဂရီဆဲလ်စီးရပ်စ်အောက် အအေးပေး သိုလှောင်ခန်းမှာ နှစ်နာရီက သုံးနာရီကြာ ငါးရွေးရသည့် အလုပ်မျိုးကဲ့သို့ ငါးဖမ်းသင်္ဘောများပေါ်က နုံချာသည့် အခြေအနေများကို ပြန်ပြောင်း ပြောဆိုသည်။

ပင်လယ်အလယ်မှာတောင် အမြဲလို စောင့်ကြည့် ခံနေရခြင်းကြောင့် ထွက်ပြေးရန်ကလည်း မည်သို့မျှ မဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။ ငါးပြည့်ပြီဆိုလျှင် ကုန်းပေါ် တင်ပို့ပြီး နောက်တစ်စီးဆီ ပို့ခံနေရခြင်း ဖြစ်သည်။ “ငါးဖမ်းသင်္ဘောပေါ် ခြေချမိတာနဲ့ ရွေးချယ်စရာ ဘာမှ မရှိတော့ပါဘူး။”ဟု ဆက်က ပြောသည်။

ဆမ်မတ်ဆတ်ခွန်တွင် အခြေစိုက်သည့် အလုပ်သမား အခွင့်အရေး မြင့်တင်ရေး ဖောင်ဒေးရှင်းက အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ပတ်တီမာက ငါးဖမ်း အလုပ်သမားတွေနဲ့ နေရေးထိုင်ရေးနဲ့ အလုပ်လုပ်ကိုင်ရပုံများကို မည်သည့်အချိန်ကမှ တွက်ချက် စစ်ဆေးခြင်းမရှိထားကြောင်း ပြောသည်။

ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံကို လူမှောင်ခိုမှု နှိမ်နှင်းခြင်းနှင့် ပတ်သက်ပြီး အဆင့်လျှော့ချ ခံရပြီးနောက် အစိုးရက လူမှောင်ခိုမှုများကို ဖြိုခွင်းလာခဲ့သည်။ အမေရိကန်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထိုင်းနိုင်ငံကို လူမှောင်ခိုမှုနှင့် ပတ်သက်ပြီး အဆိုးဆုံး အဆင့်သုံးသို့ လျှော့ချသတ်မှတ် လိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာလက အသက်ဝင်သည့် ၂၀၁၅ ငါးလုပ်ငန်းအက်ဥပဒေအရ နိုင်ငံခြားရေပြင်တွင် ငါးဖမ်း ထွက်သည့် ထိုင်းငါးဖမ်း သင်္ဘောများအားလုံးက စောင့်ကြည့် စစ်ဆေးသူတစ်ဦး တင်ဆောင် ပါရှိရမည်ဖြစ်သော်လည်း ငါးဖမ်းဆီးမှုများအပေါ်တွင် အသေးစိတ် မှတ်တမ်းတင်ရန်ဖြစ်ပြီး အလုပ်သမားများ၏ အခြေအနေကို မှတ်သားခြင်း မဟုတ်ပေ။

“အန္တရာယ်အလွန်များတဲ့ လုပ်ငန်းဖြစ်ပေမယ့် ဒီဥပဒေ စည်းမျဉ်းစည်းကမ်းကလည်း အလုပ် လုပ်ဆောင်မှု အခြေအနေတွေအပေါ် သက်ရောက်မှုမရှိဘူး”ဟု ပတ်တီမာက ပြောခဲ့သည်။ အလုပ်သမား အခွင့်အရေးဆိုသည်မှာ ခိုးဝင် အလုပ်သမားဖြစ်နေလျှင်တောင်မှ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုများ၊ အာမခံ လုံခြုံမှုများနှင့် တရားမျှတမှုရှိသည့် နစ်နာကြေး လျော်ကြေးပေးမှုများ ရှိရမှာပဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများကလည်း လက်ရှိတွင် ဆမ်မတ်ဆတ်ခွန်တွင် သမဂ္ဂတစ်ရပ် ဖွဲ့စည်းနိုင်ရေး ကြိုးစားလျက်ရှိသည်။ “ရွှေ့ပြောင်း အလုပ်သမားများလည်း ပြောခွင့် ဆိုခွင့် ရှိရမှာပဲ။ သူတို့တွေ ကြုံခဲ့ရတဲ့ လူမဆန်တဲ့ ဇာတ်လမ်းတွေက အပြင်ကို ထွက်ပေါ်မလာသေးပဲ ကျန်နေတာ အများကြီး ရှိနေသေးတယ်”ဟု ပတ်တီမာက ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly