ရုပ်သံဝင်ငွေ ဥပဒေသစ်အရ အစိုးရနှင့် မပြေလည်မှုရှိနေသည့်အတွက် မေ ၁၆ တွင် ပြည်တွင်းပွဲစဉ်အားလုံး ရပ်နားရန် စပိန် ဘောလုံးအဖွဲ့ချုပ် ကြေညာ

ရုပ်သံဝင်ငွေ ဥပဒေသစ်အရ အစိုးရနှင့် မပြေလည်မှုရှိနေသည့်အတွက် မေ ၁၆ တွင် ပြည်တွင်းပွဲစဉ်အားလုံး ရပ်နားရန် စပိန် ဘောလုံးအဖွဲ့ချုပ် ကြေညာ

(စပိန်)။ ။ ရုပ်သံဝင်ငွေ ခွဲဝေမှုနှင့် ပတ်သက်ပြီး အသစ်ထုတ်ပြန်လိုက်သော ဥပဒေသစ်အရ စပိန်အစိုးရနှင့် စပိန် ဘောလုံးအဖွဲ့ချုပ်တို့ ကြားတွင် အငြင်းပွားမှုများ ရှိနေသည့်အတွက် ပြည်တွင်းပွဲစဉ်များအားလုံးကို မေလ ၁၆ ရက်နေ့တွင် ခေတ္တရပ်နားထားရန် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က ညွှန်ကြားထားသည်။

လာလီဂါပွဲစဉ်များ မပြီးဆုံးမီ ပြည်တွင်း ပွဲစဉ်အားလုံးကို ရပ်နားထားရန် စပိန် ဘောလုံးအဖွဲ့ချုပ်၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သို့သော်လည်း RFEF ထိုကာလအတွင်း စပိန်အစိုးရနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဆိုထားသည်။

လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းသည် ရီးယဲလ်အသင်းကို ၂ မှတ်ဖြတ်ကာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။ ဘာစီလိုနာအသင်းသည် မေလ ၁၆/၁၇ တွင် လက်ရှိချန်ပီယံ အက်သလက်တီကိုအသင်းနှင့် လာလီဂါနောက်ဆုံးပွဲစဉ်ကို ကစားရမည် ဖြစ်သည်။

စပိန် ဘောလုံးအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်သည် မေလ ၃၀ ရက်နေ့တွင် နူးကမ့်ကွင်း၌ ကစားမည့် ဘာစီလိုနာနှင့် ဘီလ်ဘာအိုတို့၏ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ်ကိုလည်း ရိုက်ခတ်ဖွယ်ရှိနေသည်။

ယခုနှစ် ရာသီအထိ လာလီဂါပြိုင်ပွဲ၏ ရုပ်သံဝင်ငွေခွဲဝေမှုမှာ ညီမျှခြင်း မရှိဘဲ ရီးယဲလ်နှင့် ဘာစီလိုနာတို့ကသာ အများအပြားရရှိနေပြီး ကျန်အသင်းများမှာ အနည်းငယ်သာ ရရှိကြသည်။ ပြီးခဲ့သည့်ရာသီကဆိုလျှင် လာလီဂါချိန်ပီယံ အက်သလက်အသင်းမှာ ပေါင်သန်း ၄၀ ကျော်သာ ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှ တန်းဆင်းသွားသည့် ကာဒစ်ဖ်အသင်း ရရှိမှုထက် ပေါင်သန်း ၃၀ ခန့် လျော့နည်းခဲ့သည်။

ထို့ကြောင့် စပိန်အစိုးရက လာလီဂါအသင်းများအကြား ရုပ်သံဝင်ငွေခွဲဝေမှု မျှတစေရန် အင်္ဂလန်နှင့် ဂျာမနီတို့မှာ စနစ်များကို မှီငြမ်းကာ ဥပဒေသစ်တစ်ခုကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေသစ်အရ လာလီဂါအသင်းများသည် ရုပ်သံဝင်ငွေ ၉၀ ရာခိုင်နှုန်းကို ခွဲဝေရရှိမည် ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကို အောက်တန်းလိဂ်သို့ ခွဲပေးရမည် ဖြစ်သည်။ ဝင်ငွေခွဲဝေရာတွင် ပြီးခဲ့သည့် ငါးနှစ်အတွင်း စွမ်းဆောင်ရည်ကို ကြည့်ကာ အနည်းအများ ခွဲဝေပေးသွားမည် ဖြစ်သည်။

ရည်ညွှန်း - ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly