အရွေ့တစ်ခုဖြစ်လာနိုင်တဲ့ ၂၀၁၅ မြန်မာ့ဘောလုံး

အရွေ့တစ်ခုဖြစ်လာနိုင်တဲ့ ၂၀၁၅ မြန်မာ့ဘောလုံး

၂၀၁၅ခုနှစ်ဟာ မြန်မာ့ဘောလုံးလောကအတွက် ထူးခြားတဲ့နှစ်တစ်ခုဖြစ်ပြီး မြန်မာ့ဘောလုံးလောကမှာ မကြုံစဖူးဖြစ်ရပ်တွေ နဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ၂၀၁၃ နဲ့ ၂၀၁၄ခုနှစ်တွေမှာ ဘောလုံးနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေဟာ ခါးသီးဖြစ်ရပ်တွေကို ရင်နဲ့မမျှအောင်ခံစားခဲ့ရတဲ့အတွက် မြန်မာဘောလုံးကို စိတ်အနာကြီးနာခဲ့ကြပါတယ်။

ပရိသတ်တွေရဲ့နာကျည်းမှုက ဘောလုံးသမားတွေအပေါ် အမုန်းတရားတွေ ဖြစ်လာခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားတွေ ကလပ်အသင်းတွေ အပေါ်ကိုပါရိုက်ခတ် လာကာ ကလပ်အသင်းတွေရဲ့ငွေသုံးစွဲမှုလျှော့ချ လာတာတွေ၊ ကစားသမား လစာတွေလျှော့ ချပစ်တာတွေနဲ့ မြန်မာ့ဘောလုံးရပ်ဝန်းကြီးဟာ ကသောင်းကနင်းဖြစ်နေခဲ့ပါတယ်။

ဒီလိုနာကျည်းစပ်ဆုပ်ဖွယ်ရာ နေ့ရက်ဆိုးတွေဟာ၂၀၁၅ နှစ်ဦးပိုင်းမှာကုန်လွန်ခဲ့ပြီး မြန်မာ့ဘောလုံးအတွက် လေပြေလေညှင်းတွေရောက်လာသလို ပရိသတ်တွေငတ်မွတ်နေ တဲ့ အောင်မြင်မှုအချို့ကိုလက်ရွေးစင်ဘောလုံးအသင်းတွေက ယူဆောင်ပေးလာခဲ့ပါတယ်။

၂၀၁၅ နဲ့ ဘောလုံးရောဂါ

၂၀၁၅ခုနှစ်အစပိုင်းမှာကတည်းက မြန်မာ့ဘောလုံးပရိသတ်တွေဟာ ဘောလုံးရောဂါစွဲကပ်ပြီး ဘောလုံးပိုးတွေထနေခဲ့တာပါ။ မြန်မာ ယူ-၂၀အသင်းဝင်ကစားရမယ့်ဖီဖာယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ရင်ခုန်နေကြပြီး ဆီးဂိမ်းအသင်း၊လက်ရွေးစင်အသင်း ပွဲစဉ်တွေအတွက် ပရိသတ်တွေအကြားမှာ အငြင်းအခုန်ဖြစ်လာပါတယ်။

၂၀၁၅မှာ မြန်မာဘောလုံးပရိသတ်အတွက် ပထမဆုံးဈေးဦးပေါက်အောင်ပွဲကို ရယူပေးတာက မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းပါ။ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် သြစတြေးလျလိုအသင်းမျိုးကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်ခဲ့လို့ တစ်နိုင်ငံလုံးဗိုလ်လုပွဲမှာ အားပါးတရအားပေးခဲ့ကြပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ဗိုလ်လုပွဲမှာ ထုံးစံအတိုင်း မဟာပြိုင်ဘက် ထိုင်းနဲ့ကစားခဲ့ရပြီး ရှုံးခဲ့လို့ ဒုတိယငွေတံဆိပ်ဆုပဲရရှိခဲ့ပါတယ်။

ဒါပေမယ့် ပြည်သူ့အချစ်တော်မြန်မာအမျိုးသမီးအသင်းကို မြန်မာပရိသတ်တွေ အပြစ်မမြင်ခဲ့ပဲ ချစ်ခင်အားပေးခဲ့ကြ ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အမျိုးသားဘောလုံးအသင်းတွေနဲ့ ယှဉ်ရင် ပံ့ပိုးအားနည်းနေခြင်း၊ ဂျပန်နည်းပြ ကုမာဒါ နဲ့လမ်းခွဲပြီးနောက်မှာ ပြည်တွင်းနည်းပြနဲ့ပဲ စခန်းသွားနေရခြင်း၊ ပြိုင်ပွဲမတိုင်ခင်မှာ နိုင်ငံတကာ အသင်းတွေနဲ့ ခြေစမ်းပွဲ မကစား ခဲ့ရခြင်းတွေအတွက် ဗိုလ်လုပွဲမှာ ထိုင်းကို ရှုံးတာကို အပြစ်မမြင်ခဲ့ကြပါဘူး။

မြန်မာနဲ့ ကမ္ဘာ့ဖလား

၂၀၁၅ခုနှစ်ထဲမှာ မြန်မာတစ်နိုင်ငံလုံးစိတ်အလှုပ်ရှားဆုံးဖြစ်ခဲ့ရတဲ့ပွဲက ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ မြန်မာ့ဘောလုံးသမိုင်းမှာ ပထမဆုံးဝင်ပြိုင်ခွင့်ရခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကို မြန်မာတစ်နိုင်ငံလုံးစိတ်ဝင်စားမှု အထူးမြင့်တက်ခဲ့ပြီး ပထမဆုံးအဖွင့်ပွဲဖြစ်တဲ့ အမေရိကန်နဲ့ပွဲမှာဆိုရင် လမ်းပေါ်မှာ ကားတွေမရှိသလောက်အထိ ဖြစ်ခဲ့ပြီး မြန်မာပြည်သူတွေအားလုံး ယူ-၂၀အသင်းကို တစ်ခဲနက်အားပေးခဲ့ကြပါတယ်။

မြန်မာယူ-၂၀အသင်းဟာ ကမ္ဘာ့ဖလားကို ပထမဆုံးဝင်ပြိုင်ခွင့်ရတဲ့သမိုင်းဝင် ဖြစ်ရပ်အပြင် ၂၀၁၅ ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲ ရဲ့အဖွင့်ဂိုးကိုလည်း မြန်မာကစားသမား ရန်နိုင်ဦးကသွင်းပြီး သမိုင်းမှတ်တမ်းတင်နိုင်ခဲ့တဲ့အတွက် မြန်မာပြည်သူအားလုံး ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။ ယူ-၂၀အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် သုံးပွဲကစားခဲ့ပြီး အမေရိကန်ကို ၂-၁ဂိုး၊ ယူကရိန်းကို ၆-၀ ဂိုး၊ နယူးဇီလန်ကို ၅-၁ ဂိုးတွေနဲ့ ပွဲတိုင်းရှုံးနိမ့်ခဲ့ပေမယ့် မြန်မာပရိသတ်တွေဟာ ကမ္ဘာ့ဖလားကိုဝင်ပြိုင်ခွင့်ရခဲ့တဲ့ မြန်မာယူ-၂၀အသင်း အတွက်ဂုဏ်ယူကြပြီး မြန်မာနိုင်ငံကို အပြန်ခရီးမှာလည်း လေဆိပ်မှာ တစ်ခဲနက် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ဆီးဂိမ်းနဲ့မြန်မာယူ-၂၃

မြန်မာပရိသတ်တွေအကြားမှာ ယူ-၂၀အသင်း ရေပန်းစားနေချိန်မှာ မြန်မာနေရှင်နယ်လိဂ်က ဒုတိယတန်းစား ကစားသမားတွေ နဲ့ဖွဲ့စည်းပြီး ဆီးဂိမ်းဝင်ပြိုင်မယ့် မြန်မာယူ-၂၃အသင်းကို အားလုံးကအထင်မကြီးကြပါဘူး။ ၂၀၁၃ ဆီးဂိမ်းဒဏ်ရာ မကျက်သေး ချိန်မှာ လက်ရွေးစင်အသင်းသုံးသင်းအကြားမှာ မြန်မာယူ-၂၃အသင်းဟာ မျက်နှာအငယ်ဆုံးအသင်းဖြစ်ခဲ့ရပါတယ်။ မြန်မာ နည်းပြ ဦးကြည်လွင်၊ နေရှင်နယ်လိဂ် ကလပ်တွေမှာတောင် နေရာမရတဲ့ ကစားသမားတွေနဲ့စုဖွဲ့ထားတဲ့ ဒီလိုဘောလုံးအသင်း တစ်သင်းဟာ ဆီးဂိမ်းမှာ အောင်မြင်မှုရဖို့မဆိုထားနဲ့ အုပ်စုအဆင့်မှာအနည်းဆုံးနှစ်ပွဲလောက်နိုင်ရင်တောင် ကံကောင်းလို့ တစ်ချို့ကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

ဒါပေမယ့် စင်ကာပူနိုင်ငံက မြန်မာပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုနဲ့အတူ မြန်မာယူ-၂၃အသင်းဟာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး မြန်မာပရိသတ်တွေရဲ့နှလုံးသားတွေကို သိမ်းကြုံးဖမ်းစားသွားနိုင်ပါတော့တယ်။ မြန်မာယူ-၂၃အသင်းမှာ နာမည်ကြီးကစားသမားတွေတစ်ယောက်မှ မပါသလို ပံ့ပိုးမှုကလည်း အားနည်းတဲ့အတွက် ပရိသတ်တွေဟာ မြန်မာကစား သမားတွေကို အသနားပိုခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲမှာ ထိုင်းကိုသုံးဂိုးပြတ်ရှုံးခဲ့တာတောင် မြန်မာယူ-၂၃အသင်းရဲ့ အိမ်အပြန် ခရီးကို ပရိသတ်တွေက တစ်ခဲနက်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ဘောလုံးကရခဲ့တဲ့အကျိုးအမြတ်

မြန်မာ့ဘောလုံးဝါသနာရှင်တွေအတွက်တော့ ၂၀၁၅ မေလနဲ့ ဇွန်လ နှစ်လဟာ ဘောလုံးတုတ်ကွေးရောဂါ အပြင်းအထန် ခံစားခဲ့ရပြီး မြန်မာလူမျိုးတိုင်းဟာ နေ့စဉ်နေ့တိုင်းဘောလုံးကမ္ဘာထဲမှာပဲ အသက်ရှင်နေထိုင်ခဲ့ကြ ပါတယ်။ မြန်မာယူ-၂၀ အသင်း၊ မြန်မာယူ-၂၃အသင်း တွေကိုအားပေးခဲ့တဲ့ နယူးဇီလန်နဲ့ စင်ကာပူက မြန်မာပရိသတ်တွေဟာ အလုပ်အကိုင်တွေ အထိအခိုက်ခံပြီး မျိုးချစ်စိတ်ဓာတ်နဲ့အရင်းခံအားပေးခဲ့ကြတာပါ။

ဒီပြိုင်တွေအပြီးမှာ ရခဲ့တဲ့အကျိုးအမြတ်ကတော့ မြန်မာ့လက်ရွေးစင်အသင်းအတွက်ရွေးချယ်စရာ ကစားသမားတွေပေါများ လာတာပါ။ အရင်က လက်ရွေးစင်အသင်းဆိုလည်း ဒီလူတွေပဲ၊ လူငယ်အသင်းဆိုလဲ ဒီလူတွေပဲကစားနေရတဲ့အခြေအနေကနေ အခုဆို ယူ-၂၀အသင်းက အောင်သူ၊ ကျော်မင်းဦး၊ မျိုးမင်းလတ်၊ သီဟထက်အောင်၊ မျိုးကိုထွန်း၊ ယူ-၂၃အသင်းက ကျော်ဇင်လတ် ၊ စည်သူအောင်၊ နေလင်းထွန်း၊ ဟိန်းသီဟဇော်၊ ကျော်ဇင်လွင်၊ ရဲကိုဦး၊ လှိုင်းဘိုဘို တို့ဟာ လက်ရွေးစင်အသင်း တံခါးပေါက် ကို ခေါက်လာနိုင်သူတွေပါ။

ဒီလိုပဲနည်းပြတွေထဲမှာလည်း မြန်မာလူမျိုးနည်းပြတွေရှားပါးနေချိန်မှာ မြန်မာပရိသတ်တွေက မြန်မာမော်ရင်ဟို လို့အမည်ပေး ထားတဲ့ ဦးကြည်လွင်ကို ရခဲ့တာလဲ အမြတ်ပါပဲ။ တန်ဖိုးအရှိဆုံးကတော့ ပြည်တွင်းပြည်ပက မြန်မာဘောလုံး ပရိသတ်တွေ ရဲ့စည်းလုံးမှု၊ မျိုးချစ်စိတ်ဓာတ်ပြင်းထန်မှုနဲ့ စည်းကမ်းရှိမှုတွေကို ကမ္ဘာကိုချပြနိုင်ခဲ့တာကတော့ မြန်မာ့ဘောလုံးလောကအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးအမြတ်ပါ။ အရင်က မြန်မာဘောလုံးပရိသတ်တွေဟာ ရမ်းကားပြီးရှုံးရင် ပြဿနာရှာတတ်တဲ့ပရိသတ်တွေ လို့ ကမ္ဘာကသိထားပေမယ့် အခုတော့ကွာခြားသွားပါပြီ။

စင်ကာပူက မြန်မာပရိသတ်တွေရဲ့အပြုအမူကောင်းကို ပြည်တွင်းကြုမန်မာပရိသတ်တွေပါ အတုယူတတ်လာပြီး LED ဘုတ်တွေ နဲ့စုဝေးကြည့်ရှုတဲ့နေရာမှာ အမှိုက်ပြန်ကောက်ပေးသလို ရှုံးနိမ့်သွားတဲ့အချိန်မှာလည်း ဆူပူမှုတွေ ပြုလုပ်တာမရှိတော့ပါဘူး။ စင်ကာပူဆီးဂိမ်းအပြီးမှာမြန်မာပရိသတ်တွေရဲ့အားပေးမှုကိုစင်ကာပူသတင်းစာတွေအပြင်ကမ္ဘာကျော်ဘောလုံးဝက်ဘ်ဆိုက်တွေ ကပါချီးကျုးရေးသားမှုတွေ ရှိခဲ့ပါတယ်။

ပြိုင်တူတွန်းဖို့လိုနေတဲ့အချိန်

မြန်မာ့ဘောလုံးလောကအတွက် လက်ရှိအချိန်ကာလဟာ တစ်ချိန်ကရွှေခေတ်ကို ပြန်ရဖို့အတွက် အချိန်ကောင်းပါ။ ဒီအချိန်မှာ ပရိသတ်နဲ့ ကစားသမားတစ်သားတည်းကျနေပြီး အောင်မြင်မှုကို ဆာလောင်နေချိန်လည်းဖြစ်ပါတယ်။

၂၀၁၆ခုနှစ်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက ဆူဇူကီးဖလားပြိုင်ပွဲဝင်ပြိုင်ဖို့ရှိသလို ၂၀၁၇ ဆီးဂိမ်းမှာလည်း မြန်မာယူ-၂၃အသင်း ရွှေတံဆိပ်ရဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ရေရှည်စီမံကိန်းတစ်ရပ်ရေးဆွဲဖို့ရှိနေပါတယ်။

၂၀၁၆ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်လို့ အရေးကြီးသလို ၂၀၁၇ ဆီးဂိမ်းကလည်း ၄၂ နှစ်ကျော်ဝေးကွာနေတဲ့ ဆီးဂိမ်းရွှေတံဆိပ်အရယူဖို့အတွက် အားခဲရမယ့်ပြိုင်ပွဲပါ။

ဒါကြောင့် ဘောလုံးသမား၊ပရိသတ်၊ ဘောလုံးအဖွဲ့ချုပ်အားလုံးပြိုင်တူတွန်းဖို့လိုအပ်နေပါတယ်။ အားလုံးသာ ပြိုင်တူတွန်းနိုင် ခဲ့မယ်ဆိုရင် မြန်မာ့ဘောလုံးလောကအတွက် အရွေ့တစ်ခုကို မြင်တွေ့ရဖို့ရှိနေပါကြောင်း….။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly