ရာဇာဝင်းသိန်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း နှစ်ဦးသဘောတူ လမ်းခွဲ

ရာဇာဝင်းသိန်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း နှစ်ဦးသဘောတူ လမ်းခွဲ
အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့သည့် ရန်ကုန်အသင်း ကွင်းလယ်လူ ရာဇာဝင်းသိန်း။  (ဓာတ်ပုံ- ရန်ကုန်ယူနိုက်တက်)

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ မစတင်မီ အသင်း၏ မြန်မာ့လက်ရွေးစင် ကွင်းလယ် ကစားသမားဟောင်း ရာဇာဝင်းသိန်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲလိုက်သည် ဟု တရားဝင်ဝက်ဆိုဘ်မှ သတင်းထုတ်ပြန်လိုက် သည်။

ရာဇာဝင်းသိန်းသည် မြန်မာနေရှင်နယ်လိဂ် စတင်ကျင်းပသည့် ၂၀၀၉ ခုနှစ်၌ ဇေယျာရွှေမြေအသင်းတွင် ကစားခဲ့ပြီး ၂၀၁၀ ဘောလုံးရာသီကုန်တွင် ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွေ့လာခဲ့ကာ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ ခုနှစ်များတွင် ရန်ကုန်အသင်း သုံးနှစ်ဆက်ချန်ပီယံ ဖြစ်ခဲ့ရာ၌ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သည်။

အသင်းနှင့် လမ်းခွဲခဲ့သော ရာဇာဝင်းသိန်းနှင့် ပတ်သက်၍ “ ရာဇာ့အတွက် အကောင်းဆုံး ဆုတောင်းပေးပါတယ်။ အမြဲတမ်း အဆင်ပြေ ကံကောင်းပါစေ။ ကျွန်တော်တို့ ရန်ကုန်အသင်း တစ်သင်းလုံးက သူ့ကို အမြဲတမ်း အမှတ်တရ ရှိနေမှာပါ။

အသင်းအတွက် သူပေးဆပ်ခဲ့တာတွေကို အမြဲတမ်း ချီးကျူးသတိရနေမှာပါ “ ဟု ရန်ကုန်ယူနိုက်အသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီ ဒုတိယအကျော့အတွက် လူစာရင်း ထုတ်ပြန်ရာ၌ အဓိက ကွင်းလယ် ကစားသမားများအဖြစ် ဒေးဗစ်ထန်း၊ ငြိမ်းချမ်းအောင်၊ ကြည်လင်း၊ အောင်မိုး၊ နန်းဝေမင်း၊ အီမာဆင်၊ ဇွန်မိုးအောင်တို့ ပါဝင်လျက် ရှိသည်။ ရန်ကုန်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ် ကိုးပွဲ ကစားပြီးချိန်၌ ကိုးပွဲစလုံး အနိုင်ရကာ ရမှတ် ၂၇ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly