ထိုင်းကစားသမားများနှင့် ခြေစွမ်းကွာဟလွန်းနေသည်ဟု မြန်မာကစားသမားများ ၀န်ခံ

ထိုင်းကစားသမားများနှင့် ခြေစွမ်းကွာဟလွန်းနေသည်ဟု မြန်မာကစားသမားများ ၀န်ခံ
ဆီးဂိမ်းဗိုလ်လုပွဲတွင် ထိုင်းအသင်းဘက်သို့ ဂိုးသွင်းယူရန် မြန်မာကစားသမားများကြိုးပမ်းစဉ်။(ဓာတ်ပုံ - Singapore Sea Games )

ဇွန် ၁၉၊ ရန်ကုန်။ ။ ဆီးဂိမ်းဗိုလ်လုပွဲတွင် ထိုင်းယူ-၂၃အသင်းကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်းမှာ ကစားသမားများခြေစွမ်းကွာဟမှုကြောင့် ဖြစ်သည်ဟု မြန်မာယူ-၂၃အသင်း ကစားသမားအချို့က ဝန်ခံပြောကြားခဲ့သည်။ မြန်မာလက်ရွေးစင် ယူ ၂၃ အသင်းခေါင်းဆောင်၊ ဧရာဝတီအသင်း တိုက်စစ်မှူး နေလင်းထွန်းက မြန်မာအသင်းအနေဖြင့် ထိုင်းအသင်းအား လိုက်မီလိုပါက အားလုံးပရော်ဖက်ရှင်နယ်ပီသရန် လိုအပ်နေပြီဟု မဇ္ဈိမသို့ ပြောသည်။

' ထိုင်းအသင်းနဲ့ မြန်မာအသင်းကြားမှာ ကွာဟချက် အများကြီးရှိတယ်။ နည်းစနစ်ပိုင်းတွေရော တစ်ဦးချင်းရော ကောင်းတယ်။ အများကြီးကွာပါတယ်။ ပရော်ဖက်ရှင်နယ်ပီသဖို့ အရေးကြီးပါတယ်။ သူတို့တွေက အကုန် ပရော်ဖက်ရှင်နယ်ပီသနေပြီ သူ့အလုပ် သူ လုပ်နေကြတာ။ ကျွန်တော်တို့ ဒီက လူကြီးတွေရော ကျွန်တော်တို့ပါ ပရော်ဖက်ရှင် နယ်ပီသဖို့ လိုပါတယ်' ဟု မြန်မာ ယူ ၂၃ အသင်းခေါင်းဆောင် နေလင်းထွန်းက ပြောခဲ့သည်။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲတွင် ထိုင်းအသင်းမှ ဗိုလ်စွဲခဲ့ပြီး စင်ကာပူ တွင် ပြုလုပ်ခဲ့သော ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲတွင်လည်း ထပ်မံ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ ၂၃ အသင်း ကစားသမား ဝင်းဇင်ဦးကလည်း ' ကျွန်တော်တို့ အသင်းက စိတ်ဓာတ်နဲ့ စုစည်းမှုကောင်းတယ်။ ဒါပေမယ့် တစ်ဦးချင်း ယှဉ်လိုက်ရင် ထိုင်းကို မြန်မာကစားသမားတွေ မမီဘူး။ သူတို့က ကစားပုံလဲ အရမ်းကောင်းတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဗိုလ်လုပွဲမှာတုန်းက ဂိုးရဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဂိုးပေးရမယ် ဆိုတာတော့ သိနေတယ်'ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပရော်ဖက်ရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲကို ၂၀၀၉ခုနှစ်မှသာ စတင်ကျင်းပခဲ့ပြီး ပထမတန်းနှင့် ဒုတိယတန်းနှစ်ခုပေါင်း အသင်း ၂၀သာရှိသော်လည်း ထိုင်းနိုင်ငံတွင် ပရော်ဖက်ရှင်နယ်လိဂ်ကို ၁၉၉၆ခုနှစ်ကတည်းက စတင်ကျင်းပနေကာ ပထမတန်းမှ စတုတ္ထတန်းအထိ အသင်းအရေအတွက် ၁၀၀ ကျော်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly