လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရတနာပုံအသင်း အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေ

လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရတနာပုံအသင်း အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေ
ဟံသာဝတီအသင်းနှင့် ဇွဲကပင်အသင်းတို့ အကြိတ်အနယ်ကစားစဉ်။ (ဓာတ်ပုံ - ဟံသာဝတီယူနိုက်တက်)

ဇွန် ၁၈၊ ရန်ကုန်။        ။ ဇွန် ၈ ရက်မှစတင်ကာ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲများ ပြန်လည် စတင်နေ ပြီဖြစ်ပြီး ရတနာပုံ လူငယ်ဘောလုံးအသင်းက ရမှတ် ၃၄ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။

ရတနာပုံအသင်းသည် ပွဲစဉ် ၁၅ တွင် နေပြည်တော်အသင်းနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သော်လည်း အမှတ်ပေးဇယား ဒုတိယနေရာမှ ရန်ကုန်အသင်းမှာ လည်း ပွဲစဉ် ၁၄ တွင် မကွေးအသင်းနှင့် ဂိုးမရှိသရေကျခဲ့သောကြောင့် ရတနာပုံအသင်းက အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ခြင်းဖြစ်သည်။

ရတနာပုံလူငယ်အသင်းက ၁၄ပွဲကစားအပြီးတွင် ၁၀ ပွဲနိုင်၊ လေးပွဲသရေ၊ ရှုံးပွဲမရှိ ရမှတ် ၃၄ မှတ်ဖြင့် ဦးဆောင်နေခြင်းဖြစ်ပြီး အမှတ်ပေးဇယား ဒုတိယနေရာတွင် ရန်ကုန်အသင်းက လက်ကျန်ပွဲစဉ် တစ်ပွဲလျော့ ရမှတ် ၃၀ မှတ်ဖြင့် ရပ်တည်နေသည်။ အမှတ်ပေးဇယား အဆင့် ၃၊ ၄ နေရာများတွင် ဇေယျာ ရွှေမြေအသင်းနှင့် MFF Youth အသင်းတို့က ရမှတ် ၂၄ မှတ်ဖြင့် ရပ်တည်နေသည်။ အဆင့် ၅၊ ၆ နေရာများတွင် ဇွဲကပင် အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့က ရမှတ် ၂၁ မှတ်စီဖြင့် ရပ်တည်နေသည်။

လူငယ်ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၄၊ ၁၅ ပွဲစဉ်များတွင် နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သော ဟံသာဝတီအသင်းမှာ ရမှတ် ၁၈မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၈ နေရာ ထိ ဆင်းပေးခဲ့ရသည်။ ပွဲစဉ် ၁၅ ရလဒ်များမှာ မနောမြေအသင်းက ချင်းယူနိုက်တက်အသင်းကို ၁-၀ ဂိုး၊ ရခိုင်ယူနိုက် တက်အသင်းက ဧရာဝတီအသင်း ကို ၂-၁ ဂိုး၊ MFF Youth အသင်းက မကွေးအသင်းကို ၄-၀ ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး ဇေယျာ ရွှေမြေအသင်းမှာ ကမ္ဘောဇအသင်းနှင့် ဂိုးမရှိသရေ ကျခဲ့သလို ဟံသာဝတီ အသင်းနှင့် ဇွဲကပင်အသင်းတို့ပွဲစဉ်မှာလည်း ဂိုးမရှိ သရေကျခဲ့သည်။ ပွဲစဉ် ၁၆ ပွဲစဉ်များကို လာမည့် ဇွန် ၂၂၊ ၂၃ ရက်များတွင် ဆက်လက်ကစားမည်ဖြစ်ပြီး ရတနာပုံအသင်းမှာ ဇေယျာရွှေမြေအသင်းနှင့် တွေ့ဆုံနေသလို ရန်ကုန်အသင်းမှာလည်း MFF Youth အသင်းတို့ ပွဲကြပ်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly