ဖွန်ဆီကာနှင့် ဧရာဝတီအသင်း နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း

ဖွန်ဆီကာနှင့် ဧရာဝတီအသင်း နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း
ဧရာဝတီအသင်းနှင့် လမ်းခွဲခဲ့သော တိုက်စစ်မှူး ဖွန်ဆီကာ။

ရန်ကုန်၊ ဇွန် ၁၀ ။      ။ ဧရာဝတီ ယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီ ပထမအကျော့အပြီးတွင် အသင်း၏အဓိက တိုက်စစ်မှူး ဖွန်ဆီကာကို နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းလိုက်သည် ဟု အသင်း မီဒီယာ တာဝန်ခံ ကိုအောင်ကျော်ကျော် က ပြောသည်။ ဖွန်ဆီကာသည် ပထမအကျော့တွင် ဧရာဝတီအသင်းနှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး AFC Cup  ပြိုင်ပွဲတွင် လည်း ခြောက်ဂိုးထိ သွင်းယူပေးနိုင်ခဲ့သော်လည်း ဒူးဒဏ်ရာ ရရှိထားသည့်အတွက် အသင်းနှင့် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။

“ ဖွန်ဆီကာက သူ့မှာ ဒူးဒဏ်ရာရှိနေလို့ လမ်းခွဲခဲ့တာပါ။ သူကိုယ်တိုင် ဒဏ်ရာကို အချိန်ယူပြီး ကုချင်တဲ့အတွက် နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာပါ။ လျော်ကြေးအနေနဲ့ ပေးဖို့မရှိပါဘူး။ အသင်းက သူ့ရဲ့လစာနဲ့ ဆုကြေးတွေကိုတော့ ထုတ်ပေးသွားမှာပါ။

သူ့နေရာအတွက် ခု လူသစ်ရှာနေပါတယ်။ နိုင်ဂျီးရီးယား၊ ကင်မရွန်း၊ကိုလံဘီယာ စတဲ့ နိုင်ငံတွေက ဖြစ်မှာပါ။ ဒီတစ်ပတ်အတွင်း အသင်းမှာ လာခြေစမ်းပြီးမှ ရွေးချယ်သွားမှာပါ ” ဟု ကိုအောင်ကျော်ကျော်က ပြောသည်။

ဧရာဝတီအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် နိုင်ငံခြားသား ကစားသမားများအဖြစ် မက်ဆီဒိုးနီးယား တိုက်စစ်မှူး ရစ္စတီ၊ တောင်ကိုရီးယား ကွင်းလယ်ကစားသမား ဆမ် နှင့် နိုက်ဂျီးရီးယား နောက်ခံလူ အန်ဒါဆင်တို့ ပါဝင်ကစားနေကြပြီး ၂၀၁၅ AFC ပြိုင်ပွဲတွင် အုပ်စုအဆင့် သို့ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ရှုံးထွက်အဆင့်၌ ဂျိုဟိုးအသင်းကို ၅-၀ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲ မှ ထွက်ခွာခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly