အသင်းပြင်ဆင်မှုအပေါ် အားရကျေနပ်မှု မရှိသေး ဟု လက်ရွေးစင် နည်းပြ မိုဗစ် သုံးသပ်

အသင်းပြင်ဆင်မှုအပေါ် အားရကျေနပ်မှု မရှိသေး ဟု လက်ရွေးစင် နည်းပြ မိုဗစ် သုံးသပ်
ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာကစားသမားများ လေ့ကျင့်နေစဉ်။ ဓာတ်ပုံ-ရွှေဘုတ်

ရန်ကုန်၊ ဇွန် ၂ ။     ။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အာရှဇုန်အဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် အသင်း၏ လက်ရှိအချိန်ထိ ပြင်ဆင်မှုအပေါ် အားရကျေနပ်မှုမရှိ ဟု လက်ရွေးစင်နည်းပြချုပ် အီဗရာမိုဗစ်က သုံးသပ်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် အီဗရာမိုဗစ်က တာဝန်ယူ ကိုင်တွယ်လျက်ရှိပြီး ကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှု ပြုလုပ်နေကာ ဟံသာဝတီ၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇ၊ ဇွဲကပင် အစရှိသည့် ပြည်တွင်း ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။

အသင်း၏ ပြင်ဆင်မှုများနှင့် ပတ်သက်၍ “ ကျွန်တော်တို့ အပြီးသတ် ကစားသမားတွေနဲ့ ပုံမှန်လေ့ကျင့်နေတယ် ဆိုပေမယ့် ဧရာဝတီ၊ ရတနာပုံ စတဲ့ ကစားသမားအချို့ကိုတော့ ပြန်လွှတ် ပေးရပါတယ်။ လူစုံလေ့ကျင့်နိုင်တာဆိုလို့ ၁၀ ရက်ဝန်းကျင်ပဲ ရပါတယ်။ အရမ်းတော့ မလုံလောက် ပါဘူး။ ပြည်ပအသင်းတွေနဲ့ ခြေမစမ်းရဘူးဆိုပေမယ့် ပြည်တွင်းအသင်းတွေနဲ့ ခြေစမ်းရတာလည်း နေရာယူတာတွေ ဂိုးသွင်းခွင့် ဖန်တီးတာတွေ အများကြီး လုပ်နိုင်လာပါတယ်။ ကမ္ဘောဒီးယားနဲ့ ကစားမယ့်ပွဲကတော့ နောက်ဆုံးစမ်းသပ်မှုပါပဲ။ အသင်းကြီးတွေနဲ့ ကစားရမှာ ဖြစ်တဲ့အတွက် အကောင်းဆုံးတော့ ပြင်ဆင်ထားပါတယ်။ ဘယ်လိုရလဒ် ထွက်လာမလဲဆိုတာကို မပြောနိုင်ပေမယ့် အကောင်းဆုံး ကြိုးစားသွားမှာပါ ” ဟု အီဗရာမိုဗစ် က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မေလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ပြီး လာမည့် ဇွန်လ ၅ရက်တွင် ကမ္ဘောဒီးယား လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည် ဖြစ်သည်။ မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အာရှဇုန် ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အုပ်စုအဆင့်တွင် ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုအစရှိသည့်အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိကာဇွန်လ ၁၁ ရက်၌ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် လာအိုအသင်းနှင့် အဝေးကွင်းတွင် စတင်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly