ဖုန်ကန်အက်ဖ်စီအသင်း နိုင်ငံခြားသား ကစားသမားသစ် သုံးဦး ခေါ်ယူအားဖြည့်ရန် စီစဉ်

ဖုန်ကန်အက်ဖ်စီအသင်း နိုင်ငံခြားသား ကစားသမားသစ် သုံးဦး ခေါ်ယူအားဖြည့်ရန် စီစဉ်
မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် ဖုန်ကန်အက်ဖ်စီအသင်း။

ရန်ကုန်၊ မေ ၃၀ ။        ။ မြန်မာနေရှင်နယ်လိဂ် -၂ ပြိုင်ပွဲကို ယခုနှစ် မှ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သော ဖုန်ကန် အက်ဖ်စီအသင်းသည် ဒုတိယအကျော့အတွက် နိုင်ငံခြားသား ကစားသမားသစ် သုံးဦး ခေါ်ယူရန် စီစဉ်ထားသည် ဟု နည်းပြချုပ် ဦးသောင်းဌေးက ပြောသည်။

ဖုန်ကန်အက်ဖ်စီအသင်းသည် ရဝမ်လူမျိုး တိုင်းရင်းသားများကို အခြေခံ၍ ဖွဲ့စည်းထား သော်လည်း ရလဒ်များ ဆိုးဝါးနေသည့်အတွက် နိုင်ငံခြားသား ကစားသမားသစ် သုံးဦးနှင့် ပြည်တွင်းမှ လူငယ်ကစားသမား သုံးဦးကို ခေါ်ယူအားဖြည့်ရန် စီစဉ်ခြင်း ဖြစ်သည်။

“ အသင်းက ရလဒ်ပိုင်းတွေ ဆိုးဝါးနေတာကြောင့် အသင်းပိုင်ရှင်တွေက လူဝယ်ဖို့ စီစဉ်ခဲ့တာပါ။ အသင်းက ခြေစွမ်းပိုင်းတော့ ရာသီအစထက် စာရင် တိုးတက်လာပါတယ်။ တခြား အသင်းတွေနဲ့ ယှဉ်နိုင်ဖို့တော့ လိုပါသေးတယ်။ ဒါ့ကြောင့် အသင်းအနေနဲ့ ဒီထက် တိုးတက်အောင်လို့ ခေါ်ဖို့စီစဉ်တာပါ။ နိုင်ငံခြားသား ကစားသမားတွေနဲ့လည်း အတူကစားရတော့ အတွေ့အကြုံကောင်း တွေ ပိုရနိုင်ပါတယ်။ ပြည်တွင်းက လူငယ်ကစားသမား သုံးဦးနဲ့ နိုင်ငံခြားသားကတော့ အခု တစ်ယောက် ခေါ်ပြီးပါပြီ။ နောက်ထပ် ၂ ယောက် ထပ်ခေါ်ဖို့လည်း စီစဉ်နေပါတယ် ” ဟု နည်းပြချုပ် ဦးသောင်းဌေး က ပြောသည်။

ဖုန်ကန်အက်ဖ်စီအသင်းသည် လက်ရှိတွင် ကင်မရွန်းနိုင်ငံသား ဆေးလ်ဗားကို ရာသီကုန်အထိ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး နောက်ထပ် နိုင်ဂျီးရီးယား ကစားသမား နှစ်ဦးကိုလည်း ခေါ်ယူရန် စီစဉ်လျက် ရှိသည်။ ဖုန်ကန်အသင်းသည် ယခုနှစ် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ ပထမအကျော့ အပြီးတွင် နိုင်ပွဲ တစ်ပွဲသာ ရရှိထားပြီး ရမှတ် သုံးမှတ်ဖြင့် အမှတ်ပေးဇယား အောက်ဆုံး၌ ကျရောက်လျက်ရှိ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly