အမေရိကန်က မြန်မာထက် ပိုကောင်းသောအသင်း မဟုတ်ဟု ဖရိုင်းဒရစ် ပြော

အမေရိကန်က မြန်မာထက် ပိုကောင်းသောအသင်း မဟုတ်ဟု ဖရိုင်းဒရစ် ပြော
မြန်မာအသင်းနှင့် အမေရိကန်အသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ်။

ရန်ကုန်၊ မေ ၃၀ ။     ။ နယူးဇီလန် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်၌ အမေရိကန်အသင်းကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အမေရိကန်က မြန်မာထက် ပိုကောင်းသော အသင်းမဟုတ်ဟု အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာအသင်းသည် ကမ္ဘာ့ဖလားအုပ်စု (က) တွင် အိမ်ရှင် နယူးဇီလန်၊ အမေရိကန်၊ ယူကရိန်း အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုတွင်း အခြားပွဲစဉ်အဖြစ် အိမ်ရှင် နယူးဇီလန်နှင့် ယူကရိန်းအသင်းတို့ပွဲမှာ ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။

“ ကျွန်တော်တို့ ကွင်းထဲကနေ ခေါင်းမော့ပြီး ထွက်နိုင်ခဲ့ပါပြီ။ ပထမပိုင်းမှာ အသင်းက နည်းနည်း ကံမကောင်းခဲ့ပါဘူး။ အမေရိကန်က ကျွန်တော်တို့အသင်းထက် ပိုကောင်းတယ်လို့ မမြင်ပါဘူး။ အတွေ့အကြုံ ပိုရှိတယ်။ ပိုပါးနပ်တယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲကနေ အများကြီး သင်ယူရပါဦးမယ် ” ဟု မြန်မာ ယူ-၂၀ အသင်းနည်းပြချုပ် ဖရိုင်းဒရစ်က ပြောသည်။

အမေရိကန် ယူ-၂၀ အသင်းသည် အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်းကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့ သည့်အတွက် လက်ရှိတွင် အုပ်စုအမှတ်ပေးဇယား ထိပ်ဆုံး၌ ရမှတ် သုံးမှတ်ဖြင့် ရပ်တည်နိုင် ခဲ့သည်။

“ မြန်မာအသင်းက ဒီနှစ်မှ ကမ္ဘာ့ဖလား ဝင်ခွင့်ရတဲ့ အသင်းဆိုပေမယ့် အထင်ကြီးစရာ ကောင်းပါတယ်။ ကြိုးစားအားလည်း အရမ်းကောင်းတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အသင်း အတွက် ကစားပုံ ဆိုးဝါးအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အပြင် တကယ့်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်” ဟု အမေရိကန်နည်းပြချုပ် ရာမို့စ် က မြန်မာအသင်းကစားပုံအပေါ် သုံးသပ်ခဲ့သည်။
မြန်မာ ယူ-၂၀ အသင်းသည် အုပ်စု ဒုတိယပွဲစဉ်အဖြစ် လာမည့် ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် ၇ နာရီခွဲ၌ ယူကရိန်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly