လက်ကျန်ကိုပါအမေရိက ပွဲစဉ်အားလုံးကို နေမာ လွဲချော်ပြီ

လက်ကျန်ကိုပါအမေရိက ပွဲစဉ်အားလုံးကို နေမာ လွဲချော်ပြီ

ဆန်တီယာဂို၊ ဇွန် ၂၀။ ။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ထပ်တိုးပြစ်ဒဏ်အဖြစ် လေးပွဲပယ် ပြစ်ဒဏ်ချမှတ် လိုက်သောကြောင့် ဘရာဇီးအသင်းခေါင်းဆောင်နေမာသည် လက်ကျန်ကိုပါအမေရိက ပွဲစဉ်အားလုံးကို လွဲချော်ပြီဖြစ်သည်။

နေမာသည် ဘရာဇီးအသင်းက ကိုလံဘီယာအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပွဲသိမ်းခရာမှုတ်လိုက်ချိန်၌ ပြိုင်ဘက်ကစားသမား အာမီယိုကို ဘောလုံးဖြင့် ကန်ခဲ့သည့်အတွက် အနီကတ်ပြသခံခဲ့ရခြင်း ဖြစ်သည်။

ထိုပြစ်ဒဏ်အတွက် စည်းမျဉ်းများအရ တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရပြီး ဖြစ်သော်လည်း တောင်အမေရိက ဘောလုံး အဖွဲ့ချုပ်က ဖြစ်စဉ်များကို ပြန်လည်လေ့လာသုံးသပ်ခဲ့ပြီး နေမာကို စုစုပေါင်း လေးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

နေမာကို လက်ဖြင့်တွန်းခဲ့သည့် ကိုလံဘီယာတိုက်စစ်မှူး ဘက်ကာကိုလည်း တောင်အမေရိက ဘောလုံး အဖွဲ့ချုပ်က နှစ်ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေ ကန်ဒေါ်လာ ၅,၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ကစားသမားနှစ်ဦးစလုံးအနေဖြင့် အယူခံဝင်ခွင့် ရှိမည် ဖြစ်သည်။

နေမာသည် ပီရူးနှင့်အဖွင့်ပွဲတွင် အဝါကတ်ပြသခံထားရပြီး ကိုလံဘီယာနှင့်ပွဲစဉ်တွင် အဝါကတ်ထပ်မံပြသခံရသည့်အတွက် အနီကတ်မပြခံခဲ့ရပင်လျှင် ဗင်နီဇွဲလားနှင့် ပွဲစဉ်ကို လွဲချော်ရမည် ဖြစ်သည်။

နေမာသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ကိုလံဘီယာကစားသမား ဇူနီဂါနှင့် ထိခိုက်မိပြီး ကျောရိုးအဆစ်ကျိုးသွားခဲ့ကာ လက်ကျန်ပွဲများကို လွဲချော်ခဲ့ရသည်။ ၎င်းမပါနိုင်သည့်အတွက် ဘရာဇီးအသင်းမှာလည်း လက်ကျန်ပွဲစဉ်များတွင် ရလဒ်များ ဆိုးရွားခဲ့ရသည်။

ရည်ညွှန်း - ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly