စပို့တင်းလစ္စဘွန်းနောက်ခံလူ ဆိုအာရက်စ်ကို ဆောက်သမ်တန်အသင်းခေါ်ယူ

စပို့တင်းလစ္စဘွန်းနောက်ခံလူ ဆိုအာရက်စ်ကို ဆောက်သမ်တန်အသင်းခေါ်ယူ

အင်္ဂလန်၊ ဇွန် ၁၉။ ။ ဆောက်သမ်တန်အသင်းသည် စပို့တင်းလစ္စဘွန်းအသင်းမှ ပေါ်တူဂီလက်ရွေးစင်နောက်ခံကစားသမား ဆက်ဒရစ်ဆိုအာရက်စ်ကို လေးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်သည်။

မာလာဂါတိုက်စစ်မှူး ဂျူအန်မီပြီးနောက် ဒုတိယမြောက်ခေါ်ယူမှုအဖြစ် ဆိုအာရက်စ်ကို ခေါ်ယူနိုင်ခြင်း ဖြစ်သည်။ ဆောက်သမ်တန်အသင်း၏ အားကစားဒါရိုက်တာ လက်စ်ရိဒ်က 'ဆိုအာရက်စ်ဟာ ဆောက်သမ်တန်အသင်းပိုမိုတောင့်တင်း ခိုင်မာလာအောင် ကစားပေးမယ့်သူပါ။ သူ့ကြောင့် အခြားကစားသမားတွေလည်း အောင်မြင်မှုကို ပိုမိုဆာလောင် လာကြပါလိ့မ်မယ်' ဟု ပြောသည်။

ဆိုအာရက်စ်ရောက်ရှိလာခြင်းသည် အင်္ဂလန်လက်ရွေးစင်ကစားသမား ကလိုင်နီ အသင်းပြောင်းရွှေ့တော့မည်ဆိုသည့် ရှေ့ပြေးသတင်းဖြစ်ကြောင်း မီဒီယာများက သုံးသပ်လျက်ရှိသည်။ ကလိုင်နီကို လီဗာပူးလ်အသင်းက ခေါ်ယူရန် အလိုရှိနေသော်လည်း ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းတောင်းဆိုနေသည့်အတွက် အချိန်ကြန့်ကြာနေရခြင်း ဖြစ်သည်။

ဆောက်သမ်တန်သို့ ပြောင်းရွှေ့နိုင်သည့်အတွက်  ဆိုအာရက်စ်မှာ ပျော်ရွှင်လျက်ရှိပြီး ပရီးမီးယားလိဂ်တွင် ကစားရမည့်အတွက် စိတ်လှုပ်ရှားလျက်ရှိကြောင်း ပြောသည်။ 'ပရီးမီးယားလိဂ်ပြိုင်ပွဲက အလွန့် အလွန်ကောင်းတဲ့ ပြိုင်ပွဲဆိုတာ အားလုံးသိပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ပြိုင်ပွဲတစ်ခုလို့ ထင်ပါတယ်။ ဒါကြောင့် ဒီနေရာကို ရောက်နေရတာ ကျေနပ်ပါတယ်။ အထူးသဖြင့် ဆောက်သမ်တန်အသင်းကို ပြောင်းရွှေ့နိုင်လို့ ပိုပြီး ကျေနပ်မိပါတယ်' ဟု ဆိုအာရက်စ်က ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly