နေမာမပါသည့်ပွဲတွင် မည်ကဲ့သို့ ကစားရမည်ကို သင်ယူရမည်ဟု ဘရာဇီးနည်းပြဒွန်ဂါ ပြော

နေမာမပါသည့်ပွဲတွင် မည်ကဲ့သို့ ကစားရမည်ကို သင်ယူရမည်ဟု ဘရာဇီးနည်းပြဒွန်ဂါ ပြော

ဆန်တီယာဂို၊ ဇွန် ၁၈။ ။ အသင်း၏ အဓိကတိုက်စစ်မှူး နေမာမပါသည့်ပွဲတွင် မည်ကဲ့သို့ ကစားရမည်ကို သင်ယူရမည်ဟု ဘရာဇီးနည်းပြ ဒွန်ဂါက ဝန်ခံပြောကြားလိုက်သည်။

ကိုလံဘီယာအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် နေမာသည် ပွဲပြီး ခရာမှုတ်ချိန်၌ ပြိုင်ဘက်ကစာသမား၏ ကျောကုန်းကို ဘောလုံးဖြင့် ကန်ခဲ့သည့်အတွက် အနီကတ်ဖြင့် ထုတ်ပယ်ခံလိုက်ရပြီး လာမည့် ဗင်နီဇွဲလားနှင့်ပွဲစဉ်ကို လွဲချော်မည် ဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဘရာဇီးအသင်းကို နည်းပြဒွန်ဂါ တာဝန်ယူပြီးနောက်တွင် ဘရာဇီးအသင်းမှာ ၁၁ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်များတွင် မက္ကဆီကိုအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တစ်ပွဲသာ နေမာပါဝင်နိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ဒွန်ဂါက ကိုလံဘီယာနှင့် ပွဲစဉ်အပြီးတွင် 'ကြာသပတေးနေ့အထိ ကျွန်တော်စောင့်ကြည့်ဦးမှာပါ။ ပြီးမှ ဘယ်လိုကစားရမလဲဆိုတာကို စဉ်းစားပါမယ်။ နေမာမပါဘဲ ကျွန်တော်တို့ တစ်ပွဲပဲ ကစားခဲ့ဖူးပါတယ်။ လာမယ့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်ဖို့ တောင့်တင်းတဲ့ ကစားသမားအစုအဖွဲ့တော့ ရှိပါတယ်။ နေမာကို ပါဝင်စေလိုပါတယ်။ ဒါပေမဲ့ ဒါက မဖြစ်နိုင်တော့လို့ ဘယ်လိုကစားရမယ်ဆိုတာကို အဖြေရှာသွားမှာပါ' ဟု ပြောသည်။

ကိုလံဘီယာနှင့်ပွဲတွင် ဖြစ်ပွားခဲ့သည့် ပြဿနာနှင့်ပတ်သက်၍မူ ဒွန်ဂါက ဒိုင်လူကြီးကို ဝေဖန်မှု ပြုလုပ်ခဲ့သည်။ 'ပြဿနာဖြစ်ပွားတဲ့အချိန်မှာ အခြေအနေက ရှုပ်ထွေးနေပါတယ်။ တစ်ခုခုတော့ဖြစ်ပွားခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေပါဘူး။ ကံမကောင်းတာကတော့ ဒိုင်လူကြီးက အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ မသိခဲ့တာပါပဲ။ အချို့ကစားသမားတွေရဲ့ အပြုအမူတွေက ဆိုးရွားခဲ့ပါတယ်' ဟု ဒွန်ဂါက ပြောသည်။

ဘရာဇီးအသင်းသည် ပွဲဦးထွက်တွင် ပီရူးကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး ကိုလံဘီယာကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ကာ ယခုအချိန်တွင် ရမှတ် သုံးမှတ်ရရှိထားပြီး အုပ်စုမှတက်ရောက်ရန် ဗင်နီဇွဲလားနှင့်ပွဲစဉ်ကို အနိုင်ရရန် လိုအပ်လျက်ရှိသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly