ဘရာဇီး ၀-၁ ကိုလံဘီယာပွဲစဉ်တွင် ပြဿနာများဖြစ်ပွားပြီး နေမာနှင့် ဘက်ကာတို့ ထုတ်ပယ်ခံရ

ဘရာဇီး ၀-၁ ကိုလံဘီယာပွဲစဉ်တွင် ပြဿနာများဖြစ်ပွားပြီး နေမာနှင့် ဘက်ကာတို့ ထုတ်ပယ်ခံရ

ချီလီ၊ ဇွန် ၁၈။ ။ ကိုလံဘီယာအသင်းက ဘရာဇီးအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် ဘရာဇီးတိုက်စစ်မှူးနေမာနှင့် ကိုလံဘီယာတိုက်စစ်မှူး ဘက်ကာတို့သည် အားကစားသမားမပီသသည့် အပြုအမူများကြောင့် အနီကတ်များဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ထို့ပွဲစဉ်တွင် ကိုလံဘီယာအသင်းသည် မူရယ်လို၏ သွင်းဂိုးဖြင့် ဘရာဇီးကို အနိုင်ရရှိပြီး ပထမဆုံးအုပ်စုနိုင်ပွဲ ရရှိခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဘရာဇီး၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလားတို့မှာ ရမှတ်သုံးမှတ်စီဖြင့် တိုက်ရိုက်နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရန် အကြိတ်အနယ်ဖြစ်လျက်ရှိသည်။

ကွင်းလယ်ဒိုင်လူကြီးက ပွဲသိမ်းခရာမှုတ်လိုက်ပြီးနောက်တွင် နေမာသည် ဘောလုံးကိုကန်လိုက်ရာတွင် ကိုလံဘီယာကစားသမား အာမီရိုကို သွားရောက်ထိမှန်ခဲ့ရာမှ ပြဿနာစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နေမာကန်လိုက်ပြီးနောက်တွင် ဂိုးသွင်းခဲ့သည့် မူရယ်လိုနှင့် နေမာတို့ ခေါင်းချင်းဆိုင်တိုက်ခဲ့ကြပြီး နေမာကို ဘက်ကာက ဆောင့်တွန်းခဲ့သည်။
ထို့နောက်တွင်နှစ်ဘက်အသင်းသားများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ချီလီကွင်းလယ်ဒိုင်လူကြီး အင်းနရစ်အော့ဆက်က နေမာနှင့် ဘက်ကာတို့ နှစ်ဦးစလုံးကို အနီကတ်ပြသခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် နေမာသည် ဗင်နီဇွဲလားနှင့် ကစားရမည့် အရေးကြီးသည့် အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ရတော့မည် ဖြစ်သည်။ နေမာသည် ပီရူးကို အနိုင်ရခဲ့သည့်ပွဲတွင် အဝါကတ်ပြသခံခဲ့ရပြီး ကိုလံဘီယာနှင့်ပွဲတွင်လည်း အဝါကတ်ပြသခံထားရသည့်အတွက် အနီကတ်အပြမခံခဲ့ရလျှင်တောင် ဗင်နီဇွဲလားနှင့်ပွဲကို လွဲချော်ရမည် ဖြစ်သည်။

ထို့ကြောင့် ဗင်နီဇွဲလားနှင့်ပွဲစဉ်တွင် နေမာ၏နေရာ၌ ကော်တင်ဟို၊ ဒေါက်ဂလက်စ်ကော်စတာနှင့် ရော်ဘင်ဟိုတို့ သုံးဦးမှ တစ်ဦး ပွဲထွက်ကစားဖွယ်ရှိနေသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly