မန်စီးတီးနောက်ခံလူ မီကာရစ်ချက်ကို ဗီလာအသင်း ခေါ်ယူ

မန်စီးတီးနောက်ခံလူ မီကာရစ်ချက်ကို ဗီလာအသင်း ခေါ်ယူ

အင်္ဂလန်၊ ဇွန် ၁၈။ ။ ဗီလာအသင်းသည် မန်စီးတီးနောက်ခံလူ မီကာရစ်ချက်ကို လေးနှစ်စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

မီကာရစ်ချက်သည် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့်အတွက် ဗီလာအသင်းက အလွတ်ပြောင်းရွှေ့ကြေး ဖြင့် ခေါ်ယူခဲ့ပြီး လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ရစ်ချက်သည် ပြီးခဲ့သည့်ရာသီက ဖီအိုရင်တီးနားအသင်းတွင် အငှားသွားရောက်ကစားခဲ့သည်။

ရစ်ချက်သည် ဗီလာအသင်း၏ ရာသီသစ်အတွက် ပထမဆုံးခေါ်ယူမှုဖြစ်ပြီး လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် အသင်းသို့ တရားဝင်ရောက်ရှိမည် ဖြစ်သည်။

ဗီလာနည်းပြ တင်ရှားဝုဒ်က 'ရစ်ချက်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ ဗီလာအသင်းရဲ့ အံ့အားသင့်ဖွယ်ရာကောင်းတဲ့ ခေါ်ယူမှုဆိုတာကို ရစ်ချက်က သက်သေပြပါလိမ့်မယ်' ဟု ပြောသည်။

ရစ်ချက်သည် မန်စီးတီးအသင်းတွင် ၂၀၀၅ ခုနှစ်မှ စတင်ကစားခဲ့ပြီး ၂၀၁၁ တွင် အက်ဖ်အေဖလား၊ ၂၀၁၂ တွင် ပရီးမီးယားလိဂ် ဖလားတို့ကို ရယူနိုင်ခဲ့သည်။ သို့သော်ယင်းနောက်ပိုင်းတွင် မန်စီးတီးအသင်း၌ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီး ၂၀၁၃-၁၄ ရာသီတွင် လိဂ်ပွဲ နှစ်ပွဲနှင့် စုစုပေါင်း ၁၀ ပွဲသာ ကစားခဲ့ရသည်။ ပြီးခဲ့သည့်ရာသီက ဖီအိုရင်တီးနားသို့ အငှားသွားရောက်ကစားခဲ့ရာတွင်လည်း ပွဲ ၂၀ သာ ကစားခဲ့ရသည်။

ရစ်ချက်သည် မန်စီးတီးအသင်းအတွက် ၂၄၅ ပွဲ ပါဝင်ကစားခဲ့ပြီး ကိုးဂိုးသွင်းယူနိုင်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly